မြေယာအသုံးချမှု မူဝါဒများ မချမှတ်နိုင်သည့်အတွက် ပြည်သူ၊ အစိုးရနှင့် ရင်းနှီးမြှပ်နှံသူများ ကြားပြဿနာ ပေါ်ပေါက်ဟု ပြည်ထောင်စုဝန်ကြီးပြော

မြေယာအသုံးချမှု မူဝါဒများ မချမှတ်နိုင်သည့်အတွက် ပြည်သူ၊ အစိုးရနှင့် ရင်းနှီးမြှပ်နှံသူများ ကြားပြဿနာ ပေါ်ပေါက်ဟု ပြည်ထောင်စုဝန်ကြီးပြော

နေပြည်တော်၊ဇွန် ၂၉ ။     ။ မြေယာ အသုံးချမှု မူဝါဒဆိုင်ရာများကို  လက်ရှိအချိန်ထိချမှတ်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ၊ အစိုးရနှင့်ရင်းနှီးမြုပ်နှံသူများ အကြားပြဿနာများပေါပေါက်နေခြင်းဖြစ်သည်ဟု သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေး ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက  “လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် မြေအသုံးချမှု မူဝါဒ (land use Policy)ကို ချမှတ်နိုင်ခြင်းမရှိသေးတဲ့အတွက် အစိုးရ၊ ပြည်သူနဲ့ ရင်းနှီးမြုပ်နှံမှုသူ များ အကြား မြေအ သုံးချမှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ပြဿနာ ပေါပေါက်တာ၊ မြေပိုင်ဆိုင်မှု၊ မြေငှားရမ်းမှုနဲ့ မြေယာ ကျူးကျော်မှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခြင်း စတဲ့ မြေအသုံး ချမှုဆိုင်ရာ ပဋိပက္ခများ ဖြစ်လျက် ရှိတာကို တွေ့ရှိရပါတယ်”ဟု ပြောသည်။

နေပြည်တော်ရှိ မြန်မာကွန်ဗားရှင်းစင်တာတွင် ပြုလုပ်သည့် အမျိုးသားအဆင့် မြေအသုံးချမှု မူဝါဒ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ မြေယာ အရင်းမြစ်များကို စနစ်တကျအသုံးချ စီမံခန့်ခွဲနိုင် မှသာ ပြည်သူများစားဝတ်နေရေး၊ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး လူမှုစီးပွားဘ၀ မြင့်မားလာစေရေး၊ အကောင် အထည် ဖော်ဆောင် ရွက်နိုင်မည်ဟု ဆိုသည်။

ထိုအပြင် မြေအသုံးချမှု မှုဝါဒနှင့် မြေအသုံးချမှုဆိုင်ရာ အုပ်ချူပ်လုပ်ကိုင်မှု စီမံကိန်းများကို စနစ်တကျ ချမှတ်ရေးဆွဲနိုင်ရန် လိုအပ် လျက်ရှိပြီး မြေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် မြေယာ စနစ်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရန် အချိန် ကျနေပြီ ဟုလည်း ဝန်ကြီးက ဆက်ပြောသည်။

အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)ကို  ၂၀၁၄ ခုနှစ်အောက်တိုဘာလမှစပြီး ပြည်သူများထံ ချပြပြီး ပြည်သူလူထု၏ သဘော ဆန္ဒအကြံပြုချက်များ ရရှိနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဆွေးနွေးပွဲများပြုလပ်ပြီး အကြံပြုချက် များရယူခဲ့သည်ဟုလည်း ဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြအသိပေးပြီး ပူးပေါင်းပါဝင်လာစေရေး အမြင်နှင့် မြေသယံဇာတအသုံးပြုမှုနှင့် စီမံခန့်ခွဲမှုများ ရေရှည်တည်တံ့ တိုးတက်ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆန်းစစ်ခြင်းအမြင် စတဲ့အမြင်များနဲ့ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်”ဟု ပြောသည်။

“ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲများမှ ကျွမ်းကျင် ပညာရှင်များ၏ အကြံပြုဆွေးနွေးချက် များနှင့်အညီ အမျိုးသားမြေအသုံးချမှု မူဝါဒ(ဆဌမမှုကြမ်း) ကို ၂၀၁၅ ခုနှစ် မေလမှာ  အပြီး သတ်ရေးဆွဲနိုင်ခဲ့ပါတယ်။ အကြံပြုချက်များ ခြုံငုံပါဝင်စေရန် ကော်မတီ အနေနဲ့ အလေးထား ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာနှင့် အမျိုးသားပညာရှင်များမှလည်း စိတ် စေတနာ အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်”ဟုလည်း ဝန်ကြီးက ဆက်လက် ပြောသည်။

ယခုဆွေးနွေးပွဲတွင် လည်း တက်ရောက်လာသည့် ပညာရှင်များ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ဝိုင်းဝန်အကြံပြုဆွေးနွေးစေလိုသည်ဟု ပြည်ထောင် စုဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly