မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး၌ ရန်ကုန်အသင်း ရှစ်မှတ်ဖြတ် ဦးဆောင်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး၌ ရန်ကုန်အသင်း ရှစ်မှတ်ဖြတ် ဦးဆောင်
ဧရာဝတီအသင်းနှင့်ပွဲတွင် ရန်ကုန်အသင်းမှ ကစားသမားများ အနို်င်ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

ရန်ကုန်၊ ဇွန် ၂၉။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး၌ ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယနေရာမှ ဧရာဝတီအသင်းကို ရှစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၀ တွင် ဧရာဝတီအသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်စစ်မှူး ဆီဇာ၊ နောက်ခံလူ ဇော်မင်းထွန်းတို့၏ သွင်းဂိုးများကြောင့် ၂-၁ ဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲအနိုင်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် သမိုင်းတလျှောက် ပထမဦးဆုံး ၁၀ ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဧရာဝတီအသင်းသည် ရန်ကုန်နှင့်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတွက် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ လိဂ်ပွဲ နှစ်ပွဲဆက် ရှုံးပွဲဆက်ကာ ထိပ်ဆုံးမှ ရန်ကုန်နှင့် ရှစ်မှတ်အထိ ကွာဟခဲ့သည်။

အခြားပွဲစဉ်များတွင် ရတနာပုံအသင်းသည် အဝေးကွင်း၌ ကမ္ဘောဇအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန် မိနစ် ၉၀ အထိ ၂-၁ ဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ရဲကိုဦး၏ သွင်းဂိုးကြောင့် ပွဲအပြီး၌ ၂-၂ ဖြင့် အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။ ယင်းပွဲ သရေကျမှုကြောင့် ရတနာပုံအသင်းသည် ရမှတ် ၂၀ ရရှိကာ အမှတ်ပေးဇယား တတိယနေရာသို့ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဧရာဝတီအသင်းနှင့် နှစ်မှတ်သာ ကွာဟခဲ့သည်။ မကွေးအသင်းနှင့် ချင်းအသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့ကာ မကွေးအသင်းက ရမှတ် ၁၉ မှတ်ဖြင့် စတုတ္ထနေရာသို့ ဆင်းခဲ့ရသည်။ ကျန်ပွဲစဉ်များတွင် နေပြည်တော်အသင်းက မနောမြေအသင်းကို ၁-၀ ၊ ဇေယျာရွှေမြေအသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့ကြပြီး ဇွဲကပင်အသင်းနှင့် ဟံသာဝတီအသင်းတို့က ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ပွဲစဉ်များ ပြီးဆုံးချိန်၌ ရန်ကုန်ယူနိုက်တက်အသင်းက ၁၀ ပွဲဆက်အနိုင်ရကာ ရမှတ် ၃၀ မှတ်ဖြင့် အမှတ်ပေးဇယားတွင် ဦးဆောင်လျက်ရှိပြီး ဧရာဝတီယူနိုက်တက်အသင်းက ခုနစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံးရလဒ် ၂၂ မှတ်ဖြင့် ဒုတိယ၊ ရတနာပုံအသင်းက ရမှတ် ၂၀ ဖြင့် တတိယ၊ မကွေးအသင်းက ရမှတ် ၁၉ မှတ်ဖြင့် စတုတ္ထနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly