မကောင်းတဲ့ ငြိမ်းချမ်းရေးရယ်လို့လည်း မရှိ၊ ကောင်းတဲ့ စစ်ပွဲရယ်လို့လည်း မရှိ

မကောင်းတဲ့ ငြိမ်းချမ်းရေးရယ်လို့လည်း မရှိ၊ ကောင်းတဲ့ စစ်ပွဲရယ်လို့လည်း မရှိ

လက်ရှိ မိမိတို့တိုင်းပြည် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို တချို့သော လေ့လာ သုံးသပ်သူများက မီးစတဖက် ရေမှုတ်တဖက် လုပ်ငန်းစဉ်တစ်ခုအဖြစ် ဝေဖန်ကြပါတယ်။ ဒါကတော့ ဒီကနေ့ အပစ်အခတ် ရပ်စဲရေးစာချုပ် ဒီဘက်မှာ ချုပ်ဆိုနေတာနဲ့တချိန်တည်းမှာ ဟိုဘက်မှာကြတော့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့ အနေအထားအပေါ် မူတည်ပြီး ဝေဖန်ကြတာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု ဆောင်ရွက်တာကတော့ တချို့ကိစ္စတွေလို လွယ်မယောင်နဲ့ ခက် ဆိုတာမျိုးမဟုတ်ပါဘူး။ အင်မတန်ခက်ခဲတဲ့ လုပ်ငန်းစဉ်ကြီးပါပဲ။ စစ်မှန်ပြီး ထာုဝစဉ်တည်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ခု ရရှိစေဖို့ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူ ရှိရပါမယ်။ အဲဒါကတော့ နှစ်ဦးနှစ်ဖက်စလုံးက ငြိမ်းချမ်းရေး အမှန်တကယ်လိုလားတဲ့စိတ် ပြင်းပြင်းပြပြ ရှိဖို့ လိုအပ်တယ်ဆို တဲ့အချက်က ရှေ့ဆုံးကဖြစ်ပါတယ်။

အခုဆိုရင် မိမိတို့တိုင်းပြည်မှာ မရှိခဲ့ဖူးတဲ့ လက်နက်ကိုင်ပဋ္ဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသူ အဖွဲ့အစည်းအသီးသီးနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တချို့ ချုပ်ဆိုအောင်မြင်နေတာ ရှိသလို အပစ်အ ခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးတဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ အဆိုးဝါးဆုံး ပြဿနာ ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဆိုရင် ဗဟိုအစိုးရရဲ့ ဦးဆောင်မှု လုံးဝမရှိသလောက် ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်ဆိုတာထက် ကိုယ်ပိုင်လွတ်လပ်ခွင့် သဘောတောင်မှ ဆောင်နေတယ်လို့ ထင်မြင်ပြောဆိုတာမျိုးလည်း ရှိပါတယ်။

တစုံလုံးချုပ်ကြည့်မယ်ဆိုရင်တော့ မိမိတို့နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အသွင်တမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေတဲ့သဘောပါပဲ။ စစ်မီးကြီး ကြာရှည်လာတာနဲ့အမျှ စစ်ဘေးဒဏ်သင့်ပြည်သူတွေရဲ့ ဘ၀ ဟာလည်း အရေအတွက် ပိုမိုများပြားလာနေပြီး စစ်ကြောင့် ကုန်ကျရတဲ့ တိုင်းပြည်ဓနအင်အားနဲ့ အခြားအထွေထွေဆုံးရှုံးမှုတွေဟာလည်း မြင့်မားလာနေမှာပဲ။

ဒီနေ့ ကမ္ဘာကြီးမှာ တရားတဲ့စစ် မတရားတဲ့စစ် ဆိုပြီး စစ်ပွဲတွေအပေါ် ဝိသေသပြုကြတဲ့ ခေတ်ဟာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ စစ်ပွဲတွေကြောင့် အထိခိုက်ဆုံး အနစ်နာဆုံးက ပြည်သူတွေပဲဖြစ်ပါတယ်။ ပိုမိုဆိုးဝါးတဲ့ အကျိုးရလဒ်ကတော့ စစ်ကြောင့် ကြီးပွား ချမ်းသာလာကြတဲ့သူတွေ စစ်ပွဲတွေကြောင့် သြဇာအာဏာ ပိုမိုရရှိသွားကြတဲ့သူတွေ ရှိနေတဲ့အချက် ဖြစ်ပါတယ်။ ဒီခေတ်မှာတော့ ဒီအကျိုးဆက်ကြီးကို ဘယ်လို အကြောင်းပြချက်တွေနဲ့ပဲ ကာကွယ် သည်ဖြစ်ပစေ ပြည်သူတွေကတော့ တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း သိမြင်လာနေကြပြီဖြစ်ပါတယ်။

ရယ်ဖို့ကောင်းတဲ့အချက် ရှိနေပါသေးတယ်။ တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်လာတဲ့အခါ စစ်ပွဲတွေနဲ့ လွတ်ကင်းအောင် ထွက်ပြေးကြရဲ့ စစ်ဘေးဒုက္ခသည်တွေကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့ နှစ်ဖက်စလုံး ကပဲ အကူအညီတွေ ပေးနေကြတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာလည်း စစ်လိုလားသူတွေ မဟုတ်ပါဘူး ဆိုတာ ကာကွယ်တဲ့သဘောသာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး အများပြည်သူရဲ့ အမြင်မှာ ရှင်းရှင်းလင်းလင်းမဖြစ်စေပဲ ပိုမိုရှုပ်ထွေးစေတဲ့ အခြေအနေဆီ တွန်းပို့နေတဲ့ အချက်တွေ လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလို စစ်ပွဲနဲ့ တိုက်ရုက်ပတ်သက်သူများနဲ့ စစ်ပွဲဖန်တီးသူများဟာ စစ်ပွဲ တွေ ကင်းပျောက်သွားအောင် အခြေခံကျကျ မလုပ်ကြပဲ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အနိဌာရုံကိုပဲ ကုစားဖို့လုပ်တယ်ဆိုတာ ခြေတောက်ပန်းပန်တဲ့လုပ်ရပ်များသာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

မည်ကဲ့သို့ပင်ဖြစ်စေ စစ်ပွဲတွေအပေါ်မြင်တဲ့အမြင်တွေက ပြောင်းလဲသွားခဲ့တာ ကြာပါပြီ။ တရားသောစစ် မတရားသောစစ်ဆိုပြီး စစ်ပွဲတွေရဲ့ တကယ့် လားရာကို မှုန်ဝါးစေဖို့နဲ့ စစ်ပွဲတွေ ကြောင့် ဖြစ်ပေါ် လာရတဲ့ ဒုက္ခငရဲတွေကို လူတွေ အမှန်အတိုင်း မမြင်နိုင်အောင် ကြိုးစားတဲ့ မှားယွင်းတဲ့အမြင်များသာ ဖြစ်တယ်ဆိုတာလည်း ဒီခေတ်မှာတော့ ပြည်သူတွေက သိလာကြပါပြီ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ဘဝပေးအသိ၊ လက်တွေ့အသိနဲ့ ရလာတဲ့ အသိတွေလည်းဖြစ်ပါတယ်။

တကယ်တော့လည်း စစ်ပွဲတွေဟာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ စစ်ပွဲကြောင့် ထာဝစဉ် ငြိမ်းချမ်းသွားတယ်ရယ်လို့လည်း ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ စစ်ပွဲတွေဟာ အမုန်းတရားတွေ ဒေါသနဲ့ နာကျည်းမှုတွေ အာဃာတနဲ့ လက်စားချေမှုတွေကိုသာ လမ်းခင်းပေးနိုင်ပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်း ရေး၊ စစ်မှန်ကောင်းမွန်တဲ့ အကျိုးစီးပွားရလဒ်ဆိုတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးရလဒ် ရနိုင် စရာ အကြောင်းမရှိပါဘူး။

ဒီနေရာမှာ အကယ်၍သာ စစ်ပွဲတွေကြောင့် ကောင်းကျိုးတွေ ရှိလာမယ်၊ စစ်ပွဲတွေကြောင့် စည်းစိမ်ဥစ္စာတွေ တိုးလာမယ်၊ စစ်ပွဲတွေကြောင့် အခွင့်အာဏာ သြစာတွေ တိုးလာမယ်ဆိုရင်တော့ ဒီအပေါင်းလက္ခဏာဆောင်တဲ့ တိုးပွားလာတဲ့ အဲဒီအကျိုးစီးပွားတွေဟာ လူထုကြီးအတွက်တော့ လုံးဝမဟုတ်ဘဲ လူတစ်စုအတွက်သာလျင် ဖြစ်ဖွယ်ရှိကြောင်း မဇ္ဈိမက ယူဆမိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly