ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ် မှတ်တမ်းရုပ်ရှင်ကြောင့် တရုတ် ဒေါသထွက်

ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ် မှတ်တမ်းရုပ်ရှင်ကြောင့် တရုတ် ဒေါသထွက်

ပေကျင်း၊ ဇွန်-၂၉ ။      ။ မနီလာက ၎င်း၏ရပ်တည်မှုကို ကာကွယ်ထားသည့် အပိုင်းသုံးပိုင်း မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့် ခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွင် မတရားအလုပ်ခံရသူသဖွယ် အထင်ခံရအောင်ဖန်တီးထားပြီး သတင်းအချက်အလက်အမှားများကို ဖြန့်ဝေခဲ့သည်ဟု တရုတ်က ဇွန်၂၉ရက်နေ့တွင် ဖိလစ်ပိုင်အား စွပ်စွဲခဲ့သည်။

ဖိလစ်ပိုင်ဘာသာဖြင့် ''ကာရာပါတန် ဆာ ဒါဂတ်'' (သို့မဟုတ်) ပင်လယ်ရေပိုင်ခွင့်ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတွဲ၏ ပထမပိုင်းကို ဇွန်၁၂ရက်၊ ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ အခါသမယတွင် ထုတ်လွှင့်ခဲ့သည်။

''ဖိလစ်ပိုင်က မတရားအလုပ်ခံရသယောင် ဖန်တီးပြီး သနားကရုဏာကို လိမ်ယူဖို့ ကြိုးစားနေတာပါ''ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်းယင်က တရားဝင်ဝဘ်ဆိုက် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင် က နှစ်နိုင်ငံစလုံးမှ ပြည်သူများကို လှုံ့ဆော်ရန် ရည်ရွယ်နေသည်ဟုလည်း သူမက စွပ်စွဲခဲ့သည်။

တောင်တရုတ်ပင်လယ်အငြင်းပွားမှုအပေါ် ဖိလစ်ပိုင်နှင့် တရုတ်ကြား အပြန်အလှန်စွပ်စွဲမှုများမှာ မကြာသေးမီလများအတွင်း အရှိန်အဟုန်မြင့်တက်လာနေခဲ့ရာ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီးတွင် ဖိလစ်ပိုင်နိုင်ငံမှာ ဒေသတွင်းတင်းမာ မှုများကို ပိုမိုကြီးထွားလာစေရန်အတွက် အခြားနိုင်ငံများကိုပါ အငြင်းပွားမှုအတွင်းသို့ ဆွဲသွင်းရန်ကြိုးစားနေသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စွပ်စွဲခဲ့သည်။

ဖိလစ်ပိုင်ကမူ မှတ်တမ်းရုပ်ရှင်မှာ ဖိလစ်ပိုင်ပြည်သူများကို အသိပေးရန်နှင့် အစိုးရ၏ ပေါ်လစီနှင့် လုပ်ရပ်များနောက်တွင် လူထုထောက်ခံမှုကို စုစည်းထားရန်သာ ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

ဟွာ၏ ကြေညာချက်တွင်လည်း တရုတ်နှင့် ဖိလစ်ပိုင်တို့မှာ ကာလရှည်မိတ်ဆွေနှင့် အိမ်နီးချင်းကောင်းများ ဖြစ်ခဲ့ကြသည့် အလျောက် တောင်တရုတ်ပင်လယ်ပြဿနာကို ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်အကြံပြုခြင်းနည်းလမ်းများဖြင့် ပြည့်ဝမှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်းလည်း နှစ်ဖက်စလုံးက ပြသခဲ့ပြီးဖြစ်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly