ရန်ကုန်ယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်ရကာ တတိယနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့

ရန်ကုန်ယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်ရကာ တတိယနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲ၌ ရန်ကုန်အသင်းကစားသမားများ ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မတ် ၇၊ ရန်ကုန် ။          ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် - ၉ ပြီးချိန်တွင် ရာသီအစရလဒ်များဆိုးဝါးခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ဇေယျာရွှေမြေအသင်းကို နှစ်ဂိုးပြတ် အနိုင်ရကာ အမှတ်ပေးဇယား တတိယနေရာသို့ ပြန်လည် တက်လှမ်းနိုင်ခဲ့သည်။

အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းကလည်း မကွေးအသင်းကို အိမ်ကွင်းတွင် အနိုင်ယူကာ အမှတ်ပေးဇယားကို အမှားအယွင်းမရှိ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ရတနာပုံအသင်းသည် မကွေးအသင်းနှင့်ပွဲတွင် အိမ်ကွင်း၌ လက်ခံကစားရသော်လည်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ လူငယ်တိုက်စစ်မှူး ဝင်နိုင်စိုး၊ အောင်သူ နှင့် ကိသ်တို့၏ သွင်းဂိုးများကြောင့် ပွဲအပြီး၌ ၃-၂ ဖြင့် အနိုင်ရခဲ့သည်။

အခြားပွဲစဉ်များတွင် ဒုတိယနေရာမှ ဟံသာဝတီအသင်းကအောင်ဆန်းကွင်းတွင် ဇွဲကပင်အသင်းနှင့် ရင်ဆိုင်ကစားခဲ့ပြီး တိုက်စစ်မှူး အိုင်ဗန်၏ ခြေစွမ်းပြ သွင်းဂိုးများကြောင့် ၁-၂ ဖြင့် အနိုင်ရကာ ရတနာပုံအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

ရှမ်းယူနိုက်အသင်းမှာမူ တောင်ကြီးကွင်း၌ တန်းတက်ဟော်ရဇွန်အသင်းကို ခြေစွမ်းပြကစား၍ ၅-၀ ဖြင့် ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သလို ချင်းယူနိုက်တက်အသင်းကလည်း ရခိုင်အသင်းအား အသင်းခေါင်းဆောင် ချစ်စုမိုးနှင့် ဆာကီ တို့၏ သွင်းဂိုးများဖြင့် ရခိုင်ယူနိုက်တက်ကို နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။

ကျန်ပွဲစဉ်တွင် ဧရာဝတီအသင်းကအိမ်ကွင်း ပုသိမ်ကွင်း၌ ဇယားအောက်ခြေမှ ဆောက်သမ်းမြန်မာအသင်းအား လက်ခံကစားခဲ့ရသော်လည်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရကာ စန်းမျိုးဦး၏ နောက်ကျချေပဂိုးကြောင့်သာ တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၉ ပွဲစဉ်များ ကစားပြီးချိန်၌ ရတနာပုံအသင်းက ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်ထားနိုင်ခဲ့သလို ဟံသာဝတီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၆ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly