ထိုင်းပြည်နယ် ၄၂ ခုတွင် မိုးခေါင်မှုဖြစ်ကာ ရေရှားမည့်အန္တရာယ်ရှိနေ

ထိုင်းပြည်နယ် ၄၂ ခုတွင် မိုးခေါင်မှုဖြစ်ကာ ရေရှားမည့်အန္တရာယ်ရှိနေ

ဘန်ကောက်၊ မတ် ၇ ။             ။ ထိုင်းနိုင်ငံ၏ ပြည်နယ် ၄၂ခုတွင် မိုးခေါင်မှုကြောင့် နေအိမ်သုံးနှင့် အခြားမရှိမဖြစ် အသုံးပြုရန်အတွက် ရေရှားမည့်အန္တရာယ်ကြုံနေသော ပြည်နယ် ၄၂ ခုကို အမျိုးသား မိုးခေါင်မှုစောင့်ကြည့်စစ်ဆေးသည့်စင်တာက အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း စိုက်ပျိုးရေးအမြဲတမ်းအတွင်းဝန် သီရာပတ်ပရာယွန်းဆစ်က ပြောသည်။

စင်တာကို စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး ချတ်ချိုင်းဆာရီကူလ်ယာက ဦးဆောင်ပြီး သက်ဆိုင်ရာပြည်နယ်များမှ အုပ်ချုပ်ရေးမှူးများအပါအဝင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ဝန်ထမ်းများလည်း ပါဝင်သည် ဟု မစ္စတာ သီရာပတ်က ပြောသည်။ ယင်းပြည်နယ် ၄၂ပြည်နယ်ရှိ အခြေအနေကို စင်တာက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး အိမ်သုံးရေပြတ်လပ်ပါက အကူအညီပေးရန် အသင့်ပြင်ထားသည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း ပြည်နယ် ၄၂ခု၏ အမည်များကိုမူ မပြောကြားခဲ့ပေ။

"ယေဘုယျအားဖြင့်တော့ ဆည်ကြီးတွေက ရေကို သင့်လျော်အောင်စီမံနိုင်ရင် သုံးစွဲဖို့ လောက်ပါသေးတယ်။ ဇူလိုင်လောက်မိုးမလာခင် ခြောက်သွေ့တဲ့ ရာသီတစ်လျှောက် ရေငန်တွေ တွန်းထုတ်ပြီး ဂေဟဗေဒစနစ်ကို ထိန်းသိမ်းရင်းပေါ့။ ဒါ့ကြောင့် လူတွေအနေနဲ့ မစိုးရိမ်သင့်ပါဘူး။ ဒါပေမဲ့ ရေကို အမျှော်အမြင်ရှိရှိသုံးဖို့တော့လိုတယ်"ဟု ၎င်းကပြောသည်။

ရာသီဥတုအခြေအနေများ မှန်ကန်မည်ဟု မျှော်လင့်ရသော ဧပြီလတွင် ဆောင်ခရန်ပွဲတော်အတွင်း မိုးခေါ်ပွဲများစတင်မည်ဟု မစ္စတာ သီရာပတ်က ပြောသည်။ ချောင်ဖရာယာမြစ်ချိုင့်ဝှမ်းရှိ ဆည်ကြီးလေးခုတွင် သုံးစွဲနိုင်သော ရေထုထည် ကုဗမီတာ၂ဒသမ၉ဘီလျံရှိသေးသည်ဟု အမှတ် ၁၂ ဆည်မြောင်းရုံး၏ ညွှန်ကြားရေးမှူး ဒါရောင်ကောန်ဆွမ်တန်က ပြောသည်။

ဆည်ကြီးလေးခုက စုစုပေါင်းရေထုထည် ကုဗပေ ၁၇သန်းနေ့စဉ်ထုတ်ပေးလျက်ရှိရာ ဇူလိုင်လကုန်လောက်အထိ လုံလောက်နိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly