တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးကို ထိုင်းရဲ ဖမ်းဆီး

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးကို ထိုင်းရဲ ဖမ်းဆီး

ကန်ချနာပူရီ၊ မတ်၊ ၇ ။             ။ စာရွက်စာတမ်းအထောက်အထားမရှိသော မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဆိုင်ယွတ်ခ် ခရိုင်တွင် တနင်္ဂနွေနေ့က ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းလိုက်သော မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးအနက် ၃၉ ဦးကို ဖူနွိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန် ၇ ဦးကိုမူ ကန်ချနာပူရီ- ဆန်ခါလာပူရီ လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖူနွိုင်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် ၂ စီးကို စစ်ဆေးခဲ့ရာတွင် ပထမယာဉ်တစ်စီးပေါ်မှ မြန်မာလူမျိုးယာဉ်မောင်း အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားစုစုပေါင်း ၂၁ ဦးကို စစ်ဆေး တွေ့ရှိခဲ့သည်။

ထို့နောက် ထိုင်းလူမျိုးယာဉ်မောင်းတစ်ဦး မောင်းနှင်သော ဒုတိယမော်တော်ယာဉ်တစ်စီးပေါ်၌ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

ထိုကဲ့သို့ အထောက်အထားမပြနိုင်သော မြန်မာရွှေ့ပြောင်းလုပ်သားများကိုတင်ဆောင်လာသော ကားများကို မောင်းနှင် လာသည့် ထိုင်းနှင့်မြန်မာယာဉ်မောင်းနှစ်ဦးစလုံးက  မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေး ရန် ငှားရမ်းသဖြင့် လိုက်လံပို့ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ကျန် မြန်မာရွှေ့ပြောင်းလုပ်သား ၇ ဦးကိုမူ ကန်ချနာပူရီ-ဆန်ခါလာပူရီ လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုက ဘက်စ်ကား တစ်စီးကို စစ်ဆေးစဉ် အထောက်အထားမပြနိုင်ကြောင်းတွေ့ရှိရပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly