မန်းချောင်း "ရွှေဆည်တော်"၌ လာရောက်အပန်းဖြေသူများပြား

မန်းချောင်း "ရွှေဆည်တော်"၌ လာရောက်အပန်းဖြေသူများပြား

မင်းဘူး ၊ မတ် ၆ ။         ။ ယခုနှစ်အတွင်း "ဒုတိယရွှေစက်တော်"ဟု တင်စားခေါ်ဝေါ်ကြသည့်  မန်းချောင်းရွှေဆည်တော်တွင် ရွှေစက်တော်အသွားအပြန် ဘုရားဖူးခရီးစဉ်၌ ခရီးတစ်ထောက်နား၍ ဝင်ရောက်အပန်းဖြေသူများပြား နေကြောင်း သိရသည်။

မင်းဘူး-စကုမြို့နယ်၊မန်းရွှေစက်တော်နှင့် ၇ မိုင်ခန့်ဝေး၍ အိုင်းမဆည်အနီး၊အိုင်းမကျေးရွာအုပ်စု၊အိုးပျဉ်မည်းကျေးရွာထိပ်တွင် တည်ရှိသော ရွှေဆည်တော်သည် လွန်ခဲ့သော ၃ နှစ်ခန့်မှစတင်၍ လူသိများစည်ကားလာကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

"ခရီးသွားတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် လူသိများလာတာ။အခုနှစ်မှာ ပိုပြီးစည်ကားလာတယ်။ဆိုင်တွေ လည်း ပိုပြီးများလာတယ်။(၁၀)တန်းစာမေးပွဲပြီးရင် ပိုပြီး စည်ကားလာမယ် ထင်တယ်။" - ဟု ရွှေဆည်တော်တွင် စားသောက် ဆိုင်ဖွင့်လှစ်ရောင်းချသူ အိုးပျဉ်မည်းကျေးရွာမှ ဒေါ်တင်တင်ညိုက ပြောပြသည်။

အိုင်းမဆည်ကို အမှီပြု၍ "ရွှေဆည်တော်" ဟု အမည်တွင်ခဲ့သော အဆိုပါခရီးစခန်းသည် မန်းရွှေစက်တော်ကဲ့သို့ပင် မန်းချောင်း ရိုးတစ်လျှောက်တွင် နားခိုရာ တည်းကျောင်းများနှင့် စားသောက်ဆိုင်များကို ရေစပ်နှင့်ရေပေါ်၌ ဆောက်လုပ်ထားပြီး မန်း ချောင်းအတွင်း ရေဆော့ကစားနိုင်ရန်လည်း စီမံထားသည်ကို တွေ့ရသည်။

"ရွှေစက်တော်ကအပြန် ဝင်နားတာပါ။ဒီမှာက စားသောက်ဆိုင်တွေက အမြင်ဆန်းဆန်းနဲ့စွဲဆောင်မှုရှိရှိ ဆောက်ထားတယ်။ အစားအသောက်တွေကလည်း သန့်ရှင်းပြီး၊အရသာရှိတယ်။ရေလည်း တဝကြီးချိုးလို့ရတယ်။ညအိပ်ညနေတည်းလို့ရတဲ့အပြင် ရွှေစက်တော်လို လူမရှုပ်တော့ အဆင်ပြေတယ်။" ဟု ဝင်ရောက်တည်းခိုသူ ဒေါ်ဇာဇာက ပြောသည်။
ရွှေဆည်တော်ကိုအမှီပြု၍ စားသောက်ဆိုင်နှင့်တည်းကျောင်းလုပ်ငန်းလုပ်ကိုင်ကြသူများမှာ အိုင်းမကျေးရွာအုပ်စုမှ လက်ပံ တော၊အိုင်းမ၊အိုးပျဉ်မည်းကျေးရွာဒေသခံများဖြစ်ပြီး၊တည်းကျောင်း ၈ ဆောင်နှင့် စားသောက်ဆိုင် ၁၄ ဆိုင်ခန့်အထိ ရှိသည်။

 တည်းကျောင်းနှင့်စားသောက်ဆိုင်လုပ်ကိုင်သူများမှာ လုပ်ငန်းတစ်ခုလျှင် (၁)ရာသီ၊ကျပ်ငွေ ငါးသောင်းအထိ အိုးပျဉ်မည်း ကျေးရွာ၊ရွာဦးကျောင်းဘုန်းတော်ကြီးကျောင်းသို့ ပေးလှူရကြောင်း   ဒေသခံများ၏ပြောပြချက်အရ သိရသည်။

"ရွှေဆည်တော်"ခရီးစခန်း၏ လုပ်ငန်းကိစ္စအဝဝကို အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် မင်း ဘူး-စကုမြို့နယ်၊အိုင်းမရဲကင်းမှ တာဝန်ယူထားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly