သက်တမ်းကုန်ခါနီးအစိုးရနဲ့ အဆုံးမသတ်နိုင်သေးသော ဖမ်းဆီးမှုများ

သက်တမ်းကုန်ခါနီးအစိုးရနဲ့ အဆုံးမသတ်နိုင်သေးသော ဖမ်းဆီးမှုများ
ဓာတ်ပုံ-ဘိုဘို၊မဇ္စျိမ

မိတ်ဆက်စာမြည်း - အစိုးရသစ်လက်ထဲအာဏာလွဲှဖို့ နီးကပ်နေချိန်အထိ ဦးသိန်းစိန်အစိုးရအဖွဲ့က တက်ကြွလှုပ်ရှားသူတွေကို လိုက်လံ ထိန်းသိမ်းနေပါတယ်

ရန်ကုန် (Myanmar Now) - လက်ဖက်ရည်ဆိုင်ငယ်လေးထဲကိုထောင်ထောင် မောင်းမောင်း၊အသားညိုညို လူငယ်တစ်ဦး ဝင်ရောက်လာပါတယ်။  သူကတော့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့  ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ မြောင်းမြမြို့က ၂၂ နှစ်အရွယ် ကိုမြတ်သူပါပဲ။ ရန်ကုန်တက္ကသိုလ် အသုံးချဘူမိဗေဒဘွဲ့လွန် ကျောင်းသား ကိုမြတ်သူဟာ ၂ဝ၁၅ မတ်လ  ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ သူတို့ရဲ့ သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲခံရတဲ့နောက်ပိုင်း ယနေ့တိုင် တိမ်းရှောင်နေသူပါ။

လာမယ့်ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် လက်ပံတန်းသပိတ်စခန်းဖြိုခွဲမှု တစ်နှစ်ပြည့် အစီအစဉ်အတွက် ပြင်ဆင်နေသလို ကျောင်းသားအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေချိန်မှာ   နေရာပြောင်းရွှေ့ပြီး နေထိုင်နေရတယ်လို့  ကိုမြတ်သူက  မကြာသေးခင်က ပြောပြပါတယ်။

“တချို့ နေရာတွေမှာ ကျွန်တော်လမ်းတွေဘာတွေ ထွက်လျှောက်လို့ ရတယ်။ တချို့နေရာတွေမှာ ကျွန်တော် အခန်းထဲကနေ အိမ်အပြင်တောင်ထွက်မရတာတွေရှိခဲ့တယ်”လို့ဝရမ်းထုတ်ခံထားရသူ ကိုမြတ်သူက Myanmar Now နဲ့  ပထမအကြိမ် တွေ့ဆုံစဉ်မှာ ပြောပါတယ်။ 

အာဏာပိုင်တို့က ကိုမြတ်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေမယ့်   လက်ပံတန်း သပိတ်စခန်းကိုဖျက်ပြီး ထိန်းသိမ်းလိုက်တဲ့ သပိတ်မှောက်ကျောင်းသားတွေ၊ဝန်းရံအားပေးသူတွေ အများအပြားကိုတရားမဝင်လူစုလူဝေးပြုမှု၊ အစိုးရအမိန့်ဖီဆန်မှု၊ အဓိကရုဏ်း ဖန်တီးမှု၊ဝတ္တရား နှောက်ယှက်မှုတို့နဲ့ တရားစွဲထားပါတယ်။ တိမ်းရှောင်နေသူတွေကို လိုက်လံ ဖမ်းဆီးသလို ဆန္ဒပြပွဲဖြစ်ပြီး လပေါင်းများစွာကြာမှ ဖမ်းဆီးဖို့ စီစဉ်တာကိုလည်း တွေ့ရမှာပါ။

လာမယ့်လဆန်းပိုင်း သက်တမ်းကုန်တော့မယ့်အစိုးရအဖွဲ့ဟာ ပညာရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲဆိုတာတွေ ရပ်နားခြင်း မရှိသေးတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်နေကြပါတယ်။

နိုင်ငံရေး၊ လူ့အခွင့်အရေး ဆောင်ရွက်သူ ၄၁၂ ဦး တရားစွဲခံနေရပြီး အဲဒီထဲက ၁၂၉ ဦးဟာ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း သတင်းထုတ်ပြန်ချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။

“(အစိုးရက) နာမည်ကောင်းပြန်ယူမယ်ဆို ယူသင့်တဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ထပ်ဖမ်း၊ ဖမ်းဆီးခံနေရတဲ့သူတွေကို ပုဒ်မတွေ ထပ်ထပ်တိုးနေတာက စေတနာမမှန်တဲ့လုပ်ရပ်မျိုးပဲ” လို့AAPP အသင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဦးအောင်မျိုးကျော်က ဆိုပါတယ်။

လတ်လော ဖမ်းဆီးမှု

ယခင်တစ်ပတ်ကတော့ အာဏာပိုင်တွေက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အထင်ကရ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်နီလာသိန်းကို ရန်ကုန်မြို့မှာ ထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးရခြင်း အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ၁၂ လ ခန့်က ရန်ကုန်မြို့ ဆန္ဒပြပွဲမှာ ဒေါ်နီလာသိန်း ပါဝင်ပတ်သက်တယ်ဆိုတဲ့အမှုနဲ့ ဆက်နွယ်နေတာပါ။ 

သက်တမ်းကုန်ဖို့ တစ်လခန့်သာ လိုတော့တဲ့ အစိုးရရဲ့ လတ်တလောဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့  ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ဒေါ်နီလာသိန်းရဲ့ ခင်ပွန်းသည်လည်းဖြစ်တဲ့ ဦးဂျင်မီက ကန့်ကွက်လိုက်ပါတယ်။

“ဒီအစိုးရရဲ့ နောက်ဆုံးလက်ကျန်သက်တမ်းမှာ နာမည်ဆိုးနဲ့ တင်ကျန်ရစ်ခဲ့မှာတော့ သေချာတယ်။ သူတို့ရဲ့လက်ကျန်အချိန်မှာ အခုလိုလုပ်နေ တာက သူတို့သမိုင်းကို သူတို့ရေးတာပဲ” လို့ ဦးဂျင်မီက ဆိုပါတယ်။

ကျောင်းသားဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းခံနေရသူတွေဟာ သူတို့တွေ ဆန္ဒပြခဲ့တဲ့ မြို့နယ်တိုင်းမှာ တရားစွဲခံနေရတာပါ။

“သူတို့က ပညာရေးကောင်းဖို့ပဲ လုပ်တာလေ၊ အာဏာတောင်းနေတာမဟုတ်ဘူး” လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုရဲ့ ဖခင်ဦးအေးကျော်က ဆိုပါတယ်။အောက်တိုဘာမှာ အထိန်းသိမ်းခံလိုက်ရတဲ့ ကိုကျော်ကိုကို ရင်ဆိုင်နေရတဲ့အမှုပေါင်း ၁ဝ ခုထက် မနည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေရဲ့အမှုမှာ အာဏာပိုင်တွေဘက်က  သက်သေပေါင်း ၄ဝ ကျော် ရှိနေပြီး ရုံးချိန်းတစ်ခုမှာ သက်သေတစ်ယောက်နှုန်းစစ်နေတဲ့အတွက် ဒီနှုန်းအတိုင်းသာသွားမယ်ဆိုရင် ဒီအမှုဟာ နှစ်ပေါင်းများစွာ ကြာမှ ပြီးဆုံးနိုင်မယ်လို့ ရန်ကုန်မြို့ ထင်ရှားတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့  ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

“တရားရုံးချိန်းတွေသာများနေတာ။ သူတို့သက်သေမလာလို့ မစစ်ရတာနဲ့၊ အာမခံကိစ္စတွေ၊ လွယ်လင့်တကူလုပ်လို့ရတာတွေကို မလုပ်တာနဲ့၊ စတဲ့ကိစ္စမျိုးစုံနဲ့ အမှုက ကြန့်ကြာနေတယ်” လို့ သူက ဆိုပါတယ်။

လွတ်ငြိမ်းသက်သာခွင့်

သမ္မတဦးသိန်းစိန်က  ဇန်နဝါရီလထဲမှာ ချွင်းချက်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၂,ဝဝဝ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်သော်လည်း အမှုရင်ဆိုင်ဆဲ ဆန္ဒပြကျောင်းသားတွေ၊ သူတို့ကို အားပေးဝန်းရံသူတွေ မပါပါဘူး။  အစိုးရရဲ့လက်ကျန်သက်တမ်း ရက် ၂ဝ ကျော်အတွင်းမှာလည်း လွတ်ငြိမ်းသက်သာမိန့် ထုတ်ပြန်မယ့်သတင်း ထွက်မလာသေးပါ။

ကျောင်းသားတွေရဲ့အမှုကို ရုပ်သိမ်းပြီး လွှတ်ပေးမယ်ဆို ရင် နိုင်ငံရဲ့ တည်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကို ထိခိုက်အားနည်းစေနိုင်တဲ့အပြင် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကိုလည်း လျော့ပါးယိမ်းယိုင်စေနိုင်တယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့က  ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဦးကိုကို ပြည်သူ့လွှတ်တော်ကို ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးသမား၊ နိုင်ငံရေးသမားတွေရဲ့ အမှုလိုက်ရှေ့နေဦးရောဘတ်စန်းအောင်ကတော့ အစိုးရရဲ့ စိုးရိမ်မှုဆိုတာ အကြောင်းပြချက်တစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။

“၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ တုန်းက အမိန့်အမှတ် ၅၁/ ၂ဝ၁၃ နဲ့ အမှုတွေကိုပိတ်ပြီး လွှတ်ပေးခဲ့ဖူးပါတယ်။ ဒီအချက်ကို ပြန်သုံးရင် ဘာလို့မရရမှာလဲ။   သမ္မတက သတိမမူမိဘူးဆိုရင်တောင် တရားစွဲတဲ့သူတွေ၊ ဥပဒေရေးရာ ပုဂ္ဂိုလ်တွေက တင်ပြဆောင် ရွက်လို့ရပါတယ်” လို့ ဦးရောဘတ်စန်းအောင်က မှတ်ချက်ပြုပါတယ်။

ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး တရားစွဲခံနေရသူများ၊ အထိန်းသိမ်းခံနေရသူများအရေးကို အစိုးရသစ်လက်ထက်မှာ  ကိုင်တွယ်မှုပုံစံ ပြောင်းလဲမယ့်သဘောရှိကြောင်း   နိုင်ငံရေးအကျဉ်းသားဟောင်းတွေ   ခေါင်းဆောင်တဲ့ NLD ပါတီရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဆိုပါတယ်။

“အဲဒီကိစ္စကို လုပ်ဖို့အစီအစဉ်တွေရှိတယ်။ ဒါပေမယ့် အခုတော့ ပြောလို့မရသေးဘူး၊ ပြောလိုက်ရင် ပွစိထသွားမှာစိုးလို့။လက်ရှိအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်နေတာ ခင်ဗျားတို့တင် သိတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း သိပါတယ်” လို့ သူက Myanmar Now ကို ပြောပါတယ်။

ကျန်းမာရေး

အကျဉ်းထောင်ထဲရောက် ကျောင်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိကြောင်းဆန္ဒပြကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုအောင်နေပိုင်က ပြောပါတယ်။

“နာမည်ကြီးတဲ့ ကျောင်းသားခေါင်းဆောင်တွေလောက်ပဲ သေသေချာချာကုသမှုတွေ လုပ်ပေးကြတာ။ တခြားသူတွေ ဘယ်သူမှ မရကြဘူး။ အကျဉ်းသားအချင်းချင်း သွေးခွဲတဲ့ ပုံစံလို့ ကျွန်တော်မြင်တယ်” လို့ တရားစွဲခံရခြင်း မရှိတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က Myanmar Now ကို ပြောပါတယ်။

ထောင်ထဲကနေပေးပို့တဲ့ ကျောင်းသားခေါင်းဆောင်မင်းသွေးသစ်ရဲ့စာက ကြာသပတေးနေ့မှာ အင်တာနက်စာမျက်နှာပေါ် ရောက်နေပြီး အဲဒီစာထဲမှာတော့ ရုံးချိန်းတွေ များပြားလွန်းတဲ့အတွက် ပင်ပန်း၊ အစားအသောက်ပျက်တယ်၊ ကျန်းမာရေး ချို့ယွင်းလာကြပြီလို့ ရေးထားပါတယ်။ ဒီလိုအခြေအနေရောက်အောင် အာဏာပိုင်တို့က ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေတယ်လို့ သူက ယူဆနေတာ။

ဒုဗိုလ်ချုပ်ကြီး ဦးကိုကို ပြည်သူ့လွှတ်တော်ကို ပေးပို့တဲ့ စာထဲမှာတော့  ကျောင်းသားတွေကို အကျဉ်းထောင်ထဲမှာ ကောင်းမွန်စွာထားရှိတယ်၊ ဆေးဝါးကုသမှုကိုလည်း   ကောင်းမွန်စွာပြုလုပ်ပေးလျက် ရှိတယ်လို့ ရေးထားပါတယ်။

တိမ်းရှောင်နေတဲ့ ကိုမြတ်သူကတော့ အစိုးရသစ်လက်ထက်ရောက်မှ ဖြစ်ပျက်နေတဲ့ အခက်အခဲတွေ ပြေလည်ရေး လမ်းစပေါ်မယ်လို့ ယူဆပါတယ်။

သူ့ရဲ့ မိခင်ဖြစ်သူကလည်း သူ့လိုပဲ မျှော်လင့်နေပြီး တစ်ဦးတည်းသောသား ကိုမြတ်သူကို အိမ်မှာပဲ ရှိစေချင်တယ်၊ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် စိတ်ပူတယ်လို့ ဆိုပါတယ်။

“သူတို့လုပ်တဲ့ကိစ္စဟာ အများအတွက်လုပ်တာ။ လူဆိုးလူမိုက်လုပ်ရပ်မဟုတ်ဘူး။ နောက်လာမယ့်အစိုးရအနေနဲ့ သူတို့ကိစ္စကို ခြွင်းချက်မရှိ လွှတ်ပေးမယ်လို့တော့ မျှော်လင့်တယ်”လို့ ကိုမြတ်သူရဲ့ မိခင်ဖြစ်သူ ဒေါ်တင်ဥက ပြောပါတယ်။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly