ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

ယခု မတ်လ ၄ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အချို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် သုံးချိုးတချိုးသာလျင် ပါဝင်ဖွဲ့စည်း တာဝန်ပေးသွားမှာဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပြည်ထောင်စုအဆင့်မှာပါမယ့် ဝန်ကြီးအဆင့်တွေမှာ NLD ကလည်းပါမယ်၊ ပညာရှင်တွေလည်း ပါမယ်၊ အခြားပါတီကလည်း ပါမယ်၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု အဆင့်မှာဆိုရင် လူနည်းစုတောင်ဖြစ်နိုင်တယ်၊ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းကြားလောက်သာ ရှိနိုင်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းထိန်က မီဒီယာများနဲ့တွေ့ဆုံတဲ့အခါ ထုတ်ဖေါ်ပြောဆိုသွားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများဟာ ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်ပိုင်းမှာ ယင်းတို့လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို အင်နဲ့အားနဲ့ လုပ်ဆောင်လာနေတာ တွေ့ကြရပါတယ်။ အထူးသဖြင့် ဒုတိယလွှတ်တော်သက်တမ်း စတင်အသက်ဝင်တဲ့အချိန်ကစလို့ တိုင်းပြည်အတွက် အရေးပါတဲ့ ဖွဲ့စည်းရေးဆိုင်ရာ အလုပ်တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာတာ တွေ့ကြရပါတယ်။

ဒီနေရာမှာ လွှတ်တော်ကော်မတီများ ဖွဲ့စည်းရာမှာပဲဖြစ်ဖြစ် သက်ဆိုင်ရာ အစိုးရအဖွဲ့များ ဖွဲ့စည်းဖို့ ရာထားသတ်မှတ်ရာမှာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူက အမျိုးသားပြန်လည်ရင်ကြား စေ့ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးအခြေခံမူအပေါ် ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကြိုးစားဆောင်ရွက်လာတာ တွေ့ကြရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ သူတစ်ဦးတည်း အစိုးရဖွဲ့နိုင်လောက်အောင် ရွေးကောက်ပွဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်ငြားလည်း ဗဟိုအစိုးရဖွဲ့စည်းတဲ့အခါနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တွေကို ဖွဲ့စည်းဆောင်ရွက်တဲ့အခါ အမျိုးသားပြန်လည်ညီညွတ်ရေးကိုအခြေခံတဲ့မူနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးမူအရ အခြား နိုင်ငံရေးပါတီများ၊ လူမျိုးစုပါတီများနဲ့ အလုပ်တာဝန် ခွဲဝေလုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း ကြိုတင်ပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးရပါပြီဆိုကတည်းက ပြိုကွဲပျက်စီးခဲ့ရတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး ကို ဘယ်လို မှန်ကန်စွာ ပြန်လည်ညီညွတ်အောင် ဆောင်ရွက်ကြမလဲဆိုတဲ့ပြဿနာဟာ ကြီးမားခက်ခဲလှတဲ့ ပြဿနာကြီးဖြစ်ပါတယ်။ နှစ်ပေါင်း ရာစုနှစ်ဝက်မက ကြာညောင်းလာခဲ့လို့ အမုန်းတရားတွေ၊ အပြန်အလှန် ယုံကြည်မှု မဲ့ခြင်းတွေ၊ အပြန်အလှန် အသိအမှတ်ပြုမှု ကင်းမဲ့မူတွေကို တစ်ရက် တစ်လတည်းနဲ့ ပျောက်အောင် ဆောင်ရွက်လို့မရနိုင်ဘူးဆိုပေမယ့် မှန်ကန်တဲ့အခြေခံမူအပေါ်မှာသာ ရပ်တည်ဆောင်ရွက်ကြမယ်ဆိုရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းဟာ မအောင်မြင်စရာ အကြောင်းမရှိပါဘူး။

ဒီနေရာမှာ အထူးသတိထားပြင်ဆင်ကြရမယ့်အချက်က ဖွဲ့စည်းဆောင်ရွက်ကြတာကတော့ မှန်ပါတယ်။ ဒါပေမယ့် လက်တွေ့ဆောင်ရွက်တဲ့အခါ အတိတ်ရဲ့အကျဉ်းသားများအဖြစ်က လွတ်အောင် လုပ်ကိုင်နိုင်ကြမှသာ အောင်မြင်နိုင်မယ်ဆိုတဲ့ အမြင်ကို ကိုင်ဆွဲကြရပါလိမ့်မယ်။ ပြီးတော့ တိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုရင် ကိုယ်ကအရင် ကောင်းတဲ့သူဖြစ်ဖို့လိုတယ်ဆိုတဲ့ စကားအရလည်း ရပ်တည်ကြရပါလိမ့်မယ်။ ဒီလို ရပ်တည်ကြ ကိုင်ဆွဲကြမှသာလျင် အလုပ် တွဲလုပ်ကြတဲ့အခါ နှစ်ပေါင်းမြောက်များစွာ အသားကျနေခဲ့တဲ့ အပြန်အလှန် အသိအမှတ်မပြုမှု၊ အပြန်အလှန် မယုံသင်္ကံာဖြစ်မှုနဲ့ အမုန်းတရားတွေကို ပထမအဆင့်မှာ အောင်မြင်စွာ ချေဖျက်နိုင်ကြမှာပဲ ဖြစ်ပါတယ်။

ဒါတောင်မှ အခုတလော အမျိုးသားဒီမိုကရေစီက ဆောင်ရွက်နေတဲ့ ဖွဲ့စည်းဆောင်ရွက်မှုတွေမှာ ထည့်သွင်းဖွဲ့စည်းခံရတဲ့ လူပုဂ္ဂိုလ်တချို့ဟာ သူတို့ကိုယ်တိုင်က မသိသေးပဲဖြစ်သေးတဲ့အကြောင်းနဲ့ တချို့ဆိုလျင် ကိုယ်ကျွမ်းကျင်လိမ်မာရာနေရာတွေနဲ့ တာဝန်ပေးမှုတွေ လွဲမှားနေသေးတယ်ဆိုတဲ့ သတင်းတချို့ကိုလည်း ကြားနေရပါသေးတယ်။

သို့သော် သည်သတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် သည်ကိစ္စကတော့ အခြေခံကျတဲ့ပြဿနာ မဟုတ်သည့်အတွက် ရှေ့ဆက်အလုပ်လုပ်ရင်း ပြုပြင်သွားမယ်ဆိုရင် ရနိုင်တဲ့ပြဿနာ ကိုင်းဖျားကိုင်းနားများပဲဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီကနေ့ဆောင်ရွက်ချက်များဟာ ကွယ်လွန်သူ ဆရာမြို့မငြိမ်းရေးတဲ့ သီချင်းတစ်ပုဒ်ထဲက ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ဆိုတဲ့စာသားလိုသဘောထားပြီး မိမိတို့ပြည်သူများ ကြိုဆိုသင့်တဲ့ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။

မဇ္ဈိမအနေနဲ့ လက်ရှိအနေအထားအရ ပြည်သူတို့က တခဲနက် မဲပေးရွေးချယ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို အခြေခံသော ဖွဲ့စည်းဆောင်ရွက်မှုများကို မူအားဖြင့် ထောက်ခံကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly