ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးကို ပုညခင် ၀တ္ထု ဖြင့် စတင် ရိုက်ကူးမည့် ဒါရိုက်တာ အောင်မြတ်

ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးကို ပုညခင် ၀တ္ထု ဖြင့် စတင် ရိုက်ကူးမည့် ဒါရိုက်တာ အောင်မြတ်

ရန်ကုန် ၊ ဇွန် ၂၉ ။      ။ တီဗီ ကြော်ငြာများ ၊ သီချင်း MTV ရိုက်ကူးမှုများဖြင့် ပရိသတ်ကြား အောင်မြင် နေသည့် ဒါရိုက်တာ အောင်မြတ်က နိုဝင်ဘာလတွင် ၎င်း၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးရန် စီစဉ် ထားပြီး စာရေးဆရာမ ပုညခင်၏ ဝတ္ထု ဖြစ်သည်ဟု  ဒါရိုက်တာ အောင်မြတ်က မဇ္ဈိမကို ပြောသည်။

 စာရေးဆရာမ ပုညခင်၏ အနမ်းဝိုင် ဝတ္တုကို ရုပ်ရှင် ဇာတ်ကားကြီး အနေဖြင့် ပုံဖော် ရိုက်ကူးမည် ဖြစ်ပြီး အောင်ရဲလင်း ၊ ဝတ်မှုံရွှေရည် ၊ မင်းဦး ၊ စိုးမြတ်သူဇာ တို့ပါဝင်မည်ဖြစ်သည်။

ဒါရိုက်တာ အောင်မြတ်က "ကျွန်တော့ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တဲ့ အတွက် အရမ်းပဲ ရင်ခုန် ပါတယ်။ ကြိုတင် ပြင်ဆင်မှု တွေလည်း လုပ်နေပါပြီ။ သီချင်း MTV တွေမှာက ၂မိနစ် ၊ ၃မိနစ် အတွင်းမှာ ပရိသတ် စိတ်ဝင်စားအောင် ကြိုးစား ရတာ အခု ရုပ်ရှင် ကျတော့ ၂နာရီ ခွဲ ၃နာရီစာ ရိုက်ပြရမှာ ဆိုတော့ ကျွန်တော့် အတွက် ပိုပြီး တာဝန် ကြီးပါတယ်" ဟု ပြောသည်။

ဇာတ်လမ်းမှာ အချစ် ဒရမ်မာ ဇာတ်လမ်း ပုံစံ ဖြစ်ပြီး အောင်ရဲလင်းသည် ဝိုင်ခြံ တစ်ခုက မန်နေဂျာ(ဦးလေး) ၏ တူ ၊ လူငယ် တစ်ဦးဖြစ်သလို အလုပ်ကြိုး စားပြီး ဝိုင်လုပ်ရတာ ဝါသနာ ပါသူ တစ်ဦး ဖြစ်သည်။ စိုးမြတ်သူဇာက ထိုခြံ ပိုင်ရှင် ဖြစ်ပြီး သမီးဖြစ်သူ ဝတ်မှုံရွှေရည် နှင့် ခြံ မာန်နေဂျာ ၏ တူ ဖြစ်သူတို့ တွေ့ဆုံ ကြပြီး လူငယ် နှစ်ဦး၏ အဆင့် အတန်း မတူသည့် ဘ၀ နှစ်ခု ၊ မိခင်ဖြစ်သူမှ သမီးပေါ် ထားရှိသည့် တခြား ရည်ရွယ်ချက် တစ်ခု တို့ ကြားတွင် ဖြစ်ပေါ် လာသည့် အကြောင်းအရာ များကို ရိုက်ကူး သွားမည် ဖြစ်သည်။

ထို ဇာတ်ကားကို ရှမ်းပြည်နယ်တွင် ရှိသည့် စပျစ်ခြံ တစ်ခုတွင် အခြေခံ ရိုက်ကူးမည် ဖြစ်ပြီး ရှမ်းပြည်နယ်၏ ရှုခင်းများ ၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို လည်း ထည့်သွင်း ရိုက်ကူးမည် ဖြစ်သည်။

ဒါရိုက်တာ အောင်မြတ်က  " ဒီအနမ်းဝိုင် ဆိုတဲ့ ဝတ္တုကို ကြိုက်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း စာရေးဆရာမ ပုညခင်ရဲ့ ပရိသတ် တစ်ယောက် ဖြစ်တယ်။ ကျွန်တော် က တောင်ကြီးက လာတာ ဆိုတော့ ရှမ်းပြည်နယ်မှာ ရှိတဲ့ ဓလေ့ ရိုးရာ တွေ ရှူခင်းတွေ ပြချင်တယ်။ စာရေးဆရာမ ပုညခင် ကပဲ စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေး နဲ့ ဆက်စပ်ပြီးတော့မှ ဒီကားကို ရိုက်ဖြစ်အောင် ပြောပေးခဲ့တယ်" ဟု ဆိုသည်။

ထို ရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာလတွင် စတင် ရိုက်ကူးမည် ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ၃လ ၊ ၄လ ခန့် အချိန်ယူ ရိုက်ကူး သွားမည် ဖြစ်သလို အသံပိုင်းဆိုင်ရာ အတွက်ကိုလည်း ဦးစားပေးပြီး လုပ်ဆောင် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly