ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းနှင့်ရန်ကုန်ယူနိုက်တက် မိတ်ဖက်ဖွဲ့ရန် ညှိုနှိုင်းနေ

ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းနှင့်ရန်ကုန်ယူနိုက်တက် မိတ်ဖက်ဖွဲ့ရန် ညှိုနှိုင်းနေ
ဆန်းဒါးလန်းအသင်းမှ တာဝန်ရှိသူများက ရန်ကုန်အသင်းကို လာရောက်လေ့လာစဉ် (ဓာတ်ပုံ-Kyaw Lin Htwe)

မတ် ၅၊ ရန်ကုန်။          ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းအသင်းနှင့် မိတ်ဖက်ဖွဲ့ရန် ညှိုနှိုင်းနေသည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။ ရန်ကုန်အသင်းအနေဖြင့် ဆန်းဒါးလန်း နှင့်မိတ်ဖက်အသင်းဖွဲ့ခွင့်ရပါက ကလပ်အသင်းအချင်းချင်း လုပ်ဆောင်ပုံများ   ဆွေးနွေးတိုင်ပင်ခြင်း၊ အကယ်ဒမီများဖွင့်လှစ်ရန် ကူညီပေးခြင်း၊ နည်းပြများ လာရောက်သင်ကြားပေးခြင်း (သို့) သွားရောက်သင်ယူခြင်း နှင့် ကစားသမားများလဲလှယ်ခြင်းမျိုးများ ကိုပူးပေါင်းဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။

“ သူတို့ Premier Skill သင်တန်းလာရင်း အသင်းပိုင်ရှင်နဲ့ တွေ့ပြီး လာလေ့လာတာပါ။ လောလောဆယ်တော့ ကျွန်တော်တို့ အသင်းရဲ့ လုပ်ဆောင်မှုတွေကို လေ့လာသွားပါတယ်။ နောက် ငါးပတ်လောက်ကြာရင်တော့ အသင်းမိတ်ဖက်လုပ်ဖြစ် မလုပ်ဖြစ် ပြန်အကြောင်းပြန်မယ် ပြောပါတယ်။ တကယ်လို့ မိတ်ဖက်ဖြစ်ခဲ့မယ်ဆိုရင် အသင်းရဲ့ လုပ်ဆောင်ပုံတွေ သွားလေ့လာတာမျိုး၊ နည်းပြတွေ သင်တန်းလာပေးတာမျိုး သွားတက်တာမျိုး၊ အကယ်ဒမီဖွင့်ဖို့ ကူညီတာမျိုးတွေ လုပ်လို့ရပါတယ်။ ကစားသမားလဲလှယ်တယ်ဆိုတာကတော့ နောက်ဆုံးအဆင့်မှပါ။ ကစားသမားလဲလှယ်မှုကတော့ မလွယ်ကူနိုင်ပါဘူး ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်အသင်းသည် လက်ရှိတွင် ဂျပန်နိုင်ငံ ဂျေ-လိဂ်ကလပ် ယိုကိုဟားမားအသင်းနှင့် မိတ်ဖက်စာချုပ်ချုပ်ဆိုထားကာ ဂျပန်မှ နည်းပြအချို့က လူငယ်သင်တန်းများ လာရောက်ပို့ချပေးလျက်ရှိ သည့်အပြင် ယိုကိုဟားမားဘောလုံးအကယ်ဒမီသို့ တက်ရောက်နိုင်ရန်လည်း ကူညီပို့ဆောင်ပေးလျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly