ရှင်ကျန်စီမံကိန်းများတွင် တရုတ်က အမေရိကန်ဒေါ်လာ ၁၇ ဘီလျံရင်းနှီးမြုပ်နှံမည်

ရှင်ကျန်စီမံကိန်းများတွင် တရုတ်က အမေရိကန်ဒေါ်လာ ၁၇ ဘီလျံရင်းနှီးမြုပ်နှံမည်

ပေကျင်း၊ မတ် ၅။         ။ အကြမ်းဖက်မှုများဖြစ်ပွားလေ့ရှိသော တရုတ်နိုင်ငံ အနောက်ဘက်စွန်းဒေသ ရှင်ကျန်တွင် စီမံကိန်း ၁၀၀ ၌ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ ရင်းနှီးမြုပ်နှံရန် တရုတ်က စီစဉ်နေသည်ဟု နိုင်ငံပိုင်ရှင်ဟွာသတင်းအေဂျင်စီက အစီရင်ခံသည်။

တည်ငြိမ်မှုမရှိသော ရှင်ကျန်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မကြာသေးမီနှစ်များအတွင်း လူ ရာပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ယင်းသို့တိုက်ခိုက်မှုများအတွက် အရှေ့တာကစ္စတန်ဟု ခေါ်သည့် လွတ်လပ်သောနိုင်ငံတည်ထောင်လိုသော အစ္စလာမ္မစ်စစ်သွေးကြွများကို ပေကျင်းက အပြစ်တင်သည်။ သို့သော်လည်း ပြသနာအချို့မှ စီးပွားရေးကြောင့်ဖြစ်ရသည်ဟု အစိုးရက အသိအမှတ်ပြုထားပြီး ဒေသဖွံ့ဖြိုးရေးအတွက် အရင်းအနှီးငွေကြေးများစွာ မြုပ်နှံနေပြီဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုငွေကြေးများကို အလုပ်အကိုင်ရရှိရေး၊ အိမ်ရာတည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အခြားလုပ်ငန်းများတွင် မြုပ်နှံမည်ဖြစ်သည်ဟု ဒေသဆိုင်ရာ အမြဲတမ်းကော်မတီက  ပြောသည်။ ရှင်ကျန်ဒေသ ကျေးရွာ ၁၀,၀၀၀ခန့်သည် အသက်မွေးမှုတိုးတက်စေရေးအတွက် တစ်ရွာလျင် ယွမ် ၅၀၀,၀၀၀ရရှိ၍၊ ကျေးရွာ ၁,၂၀၀တွင် ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ယွမ်သန်း ၆၀၀ အသုံးပြုမည်ဟု သိရသည်။ ထို့အပြင် ကျေးလက်ဒေသရှိ မွေးမြူရေးလုပ်သူ ၃၀၀,၀၀၀အတွက် အဆောက်အဦဆောက်လုပ်ရန် ယွမ် ၂၄ဘီလျံအသုံးပြုမည်ဟုဆိုသည်။

ယွမ်ဘီလျံ ၆၀၀ကို လွန်ခဲ့သည့် ခြောက်နှစ်အတွင်းက ရင်းနှီးမြုပ်နှံထားကြောင်း ရှင်ဟွာက ဖော်ပြသည်။ ဖေဖော်ဝါရီလက အာဏာရတရုတ်ကွန်မြူနစ်ပါတီသည် ရှင်ကျန်ဒေသမှ အကြီးတန်းအရာရှိနှစ်ဦးကို ခြစားမှုဖြင့် ထုတ်ပယ်ကာ အစိုးရရှေ့နေများလက်သို့ အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly