မဇ္ဈိမရဲ့ အလှဆုံးပွဲ(အင်တာမီလန်-ပါလာမို)

05 March 2016
မဇ္ဈိမရဲ့ အလှဆုံးပွဲ(အင်တာမီလန်-ပါလာမို)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ စီးရီးအေပွဲစဉ် ၂၈ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန်-ပါလာမိုပွဲကို သုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါ တယ်။

အင်တာမီလန်-ပါလာမို

(၇-၃-၂၀၁၆ တနင်္လာနံနက် ၂း၁၅)

ထိပ်တိုက်တွေ့ဆုံမှု

၂၅-၁၀-၁၅ (စီးရီးအေ)       ပါလာမို ၁-၁ အင်တာမီလန်

၉-၂-၁၅ (စီးရီးအေ)           အင်တာမီလန် ၃-၀ ပါလာမို

၂၂-၉-၁၄ (စီးရီးအေ)         ပါလာမို ၁-၁ အင်တာမီလန်

အင်တာမီလန်

အင်တာမီလန်ဟာ စီးရီးအေမှာရာသီအစတုန်းက အမှတ်ပေးဇယားကိုတောင်ဦးဆောင်ထားနိုင်ပြီးတော့ ဒီနှစ်မှာ ချန်ပီယံဖြစ်မလားလို့ အားလုံးကမျှော်လင့်ထားခဲ့ကြတယ်။ ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာတော့ သူ့ခြေစွမ်းကသိသိသာသာကျသွားတယ်။ ခြေစွမ်းတင်မဟုတ်ဘဲ ရလဒ်ပိုင်းပါတောက်လျှောက်ကျသွားပြီးတော့ အမှတ်ပေးဇယားကိုဦးဆောင်နေရာကနေ အခုဆိုရင် အဆင့် ၅ နေရာကိုရောက်ရှိနေတယ်။ အသင်းက လက်ရှိအချိန်ထိကို ခြေစွမ်းအတက်အကျမမှန်ဘူးဖြစ်နေတယ်။ စီးရီးအေနောက်ဆုံးငါးပွဲမှာဆိုရင် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ကျထားတယ်။ ဒါပေမဲ့ အိမ်ကွင်းခြေစွမ်းကတော့ သိပ်မဆိုးဘူး။ အိမ်ကွင်းနောက်ဆုံးသုံးပွဲမှာလည်း ရှုံးပွဲမရှိကစားထားတယ်။ တစ်ရာသီလုံး အိမ်ကွင်း ၁၃ ပွဲမှာ ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရလဒ်ရထားလို့ အိမ်ကွင်းကောင်းတယ်။ သူတို့အသင်းရဲ့အဓိကအားနည်းချက်ကတော့ နောက်တန်းလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ စီးရီးအေပွဲစဉ် ၂၇ ပြီးတဲ့အချိန်မှာ ပေးဂိုးက ၂၅ ဂိုးတောင်ရှိတယ်။ အားသာချက်က တော့ အသင်းကစားပုံဆိုးနေတဲ့အချိန်မှာတောင် ပွဲအဖြေကိုပြောင်းနိုင်တဲ့ ကစားသမားတစ်ချို့ရှိနေတာပဲ။ ဂျိုဗီတစ်၊ အိုင်ကာဒီ၊ ပလာစီယိုတို့ လိုကစားသမားတွေက ပွဲအဖြေကိုပြောင်းသွားနိုင်တယ်။ ပြိုင်ဘက်တွေထက်ပိုပြီးတော့ ခြေစွမ်းကောင်းတဲ့ကစားသမားတွေရှိနေတာပါပဲ။ ခံစစ်ကအားနည်းချက်ရှိနေသလို တိုက်စစ်ပိုင်းကလည်းအားရစရာမရှိဘူး။ ဂိုးရဖို့ကိုတိုက်စစ်မှူး အိုင်ကာဒီတစ်ဦးတည်းကို အားပြုပြီး ကစားနေရတယ်။ ဒါကတော့လက်ရှိအင်တာရဲ့အခြေအနေပါ။

ပါလာမို

ပါလာမိုဆိုရင်တော့ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်က စီးရီးအေပရိသတ်တွေဆိုရင် ပါလာမိုအသင်းကိုတွေ့လိုက်တာနဲ့ သူတို့က ကစားရ ခက်တဲ့အသင်း၊ ခြေစွမ်းမာကျောတဲ့အသင်းဆိုတာ အားလုံးက သိကြတယ်။ ဒါပေမဲ့ဒီနှစ်မှာတော့ ပါလာမိုက အရင်အခြေအနေမျိုးမှာ မရှိတော့ဘူး။ လက်ရှိရပ်တည်မှုအရဆိုရင် တန်းဆင်းဇုန်ရဲ့အပေါ် အဆင့် ၁၇ နေရာထိကိုရောက်နေတယ်။ တစ်ရာသီလုံးမှာလည်း ရှုံးပွဲတွေ က အရမ်းများတယ်။ အခုနောက်ပိုင်းပိုဆိုးတယ်။ အိမ်ကွင်း၊ အဝေးကွင်းမရွေးကို ရှုံးပွဲများနေတယ်။ အရင်ပါလာမိုလိုခြေစွမ်းမျိုး မရှိတော့ဘူး။ စီးရီးအေနောက်ဆုံးရှစ်ပွဲ နိုင်ပွဲပျောက်နေတယ်။ နောက်ဆုံးအဝေးကွင်းလေးပွဲမှာလည်း နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်ကို ရရှိထားတယ်။ အဲဒီအတွက် ဒီရာသီမှာတော့ တန်းဆင်းဇုန်ထဲမရောက်ဖို့ကိုပဲ ဆက်ပြီးရုန်းကန်ရမယ့်အနေအထားမှာ ရှိနေတယ်။ အဝေးကွင်းခြေစွမ်း ကလည်းတော်တော်လေးကို ဆိုးပါတယ်။ တစ်ရာသီလုံးအဝေးကွင်း ၁၃ ပွဲကစားပြီးတဲ့အချိန်မှာ ရှုံးပွဲက ခုနစ်ပွဲထိရှိတယ်။ နိုင်ပွဲသုံးပွဲနဲ့ သရေ သုံးပွဲရှိတယ်။ ပါလာမိုလည်းခံစစ်တော်တော်ဆိုးတဲ့အထဲမှာပါတယ်။ ပွဲစဉ် ၂၇ ကစားပြီးတဲ့အချိန်မှာ ပေးဂိုးက ၄၇ ဂိုးတောင်ရှိတယ်။ ဒါက တစ်ပွဲကို နှစ်ဂိုးနှုန်းလောက် ဂိုးပေးနေရတယ်ဆိုတာ ကိန်းဂဏန်းတွေက ဖော်ပြနေတာပေါ့။

သုံးသပ်ချက်

ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဒီရာသီပထမအကျော့မှာတုန်းက ပါလာမိုကွင်းမှာ ၁-၁ သရေကျခဲ့တယ်။ ပြီးခဲ့တဲ့ ၂-၁၄-၁၅ ရာသီ အင်တာမီလန်ကွင်းမှာ အင်တာမီလန်က ၃-၀ နဲ့နိုင်တယ်။ ပါလာမိုကွင်းမှာ ၁-၁ သရေကျတယ်။ သူတို့ရဲ့နောက်ဆုံးငါးကြိမ်ထိပ်တိုက်တွေ့ ဆုံမှုမှာ တစ်ပွဲစီနိုင်ပြီးတော့ သုံးပွဲသရေကျထားတယ်။ တစ်သင်းနဲ့တစ်သင်း သိပ်အသာမရဘူး။ အင်တာမီလန်ကွင်းနောက်ဆုံးသုံးကြိမ်မှာ တော့ အင်တာမီလန်က နှစ်ပွဲနိုင်ထားတယ်။ ရှုံးပွဲမရှိဘူး။ တစ်ပွဲသရေကျထားတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်ကိုမပြောခင်မှာ ဒဏ်ရာရ၊ ပွဲပယ် အနေထားကိုပြောချင်ပါတယ်။ အင်တာကတော့ ဒဏ်ရာရ၊ ပွဲပယ်ကစားသမားမရှိဘူး။ ကစားသမားအားလုံး ဒဏ်ရာကင်းစင်နေတယ်။ ပွဲပယ်ပြဿနာလဲမရှိဘူး။ ပါလာမိုကလည်း နောက်တန်းမှာ အဓိကအားထားရတဲ့နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ လာဇာနဲ့ အယ်ဒိုရာဒိုတို့ ဒဏ်ရာပြဿနာရှိနေတာကလွဲရင် ကျန်တဲ့ကစားသမားတွေကတော့ ပွဲကစားဖို့အဆင်သင့်မှာရှိနေတယ်။

သူတို့နှစ်သင်းတွေ့ဆုံမှုအခြေအနေနဲ့ ဖြစ်နိုင်ဖွယ်ရလဒ်ကိုသုံးသပ်ရမယ်ဆိုရင်တော့ အင်တာကလက်ရှိအဆင့် ၅ မှာဆိုတော့ ချန်ပီယံလိဂ် ဝင်ရဖို့အတွက်ဆိုရင် အမှတ်လိုနေသေးတယ်။ အပေါ်အဆင့် ၃၊ ၄ အသင်းတွေနဲ့ သိပ်မကွာသေးဘူး။ ကြိုးစားဖို့အခွင့်ရေးရှိနေသေး တယ်။ ပါလာမိုကျတော့လည်း တကယ်လို့သာ ဒီပွဲရလဒ်မှားယွင်းခဲ့ပြီဆိုရင် တန်းဆင်းဇုန် အဆင့် ၁၈ က ဖရိုဆီနိုနီနဲ့ လေးမှတ်ပဲကွာလို့ ဒီပွဲမှာသာ ရှုံးခဲ့ပြီး ဟိုအသင်းကနိုင်ခဲ့မယ်ဆိုရင် ရမှတ်ကွာဟမှုက အရမ်းကျဉ်းမြောင်းသွားမယ်။ အဲဒီတော့ ဒီပွဲကနှစ်သင်းလုံးအတွက် အရေးကြီးတဲ့ပွဲ လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးချင်းရော၊ အိမ်ကွင်းအစဉ်အလာရော၊ အားသားချက်ရောရှိနေတဲ့ အင်တာကတော့ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ ခန့်မှန်းရလဒ်ကတော့ အင်တာ ၂-၀ လောက်ဖြစ်မယ်လို့ ခန့်မှန်းပေးချင်ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု အင်တာမီလန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly