သဘာဝနဲ့ အနီးကပ်ဆုံးရှိနေသေးတဲ့ ရှမ်းပြည် ပုံးအင်းဒေသကို သွားကြရအောင်

05 March 2016
သဘာဝနဲ့ အနီးကပ်ဆုံးရှိနေသေးတဲ့ ရှမ်းပြည် ပုံးအင်းဒေသကို သွားကြရအောင်

တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ စကားပြောရတာ ကြည်နူးစရာတစ်ခုပါ။

ဧည့်သည်ကို အပြုံးလေးတွေနဲ့ နွေးထွေးဖော်ရွေကြတာတွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးသားပွင့်လင်းမှုတွေကို ပြောမယ်ဆိုရင် ပြောလို့တောင်ကုန်မှာ မဟုတ်ပါဘူး ..။

ရှမ်းပြည်နယ်ထဲက ရေဦးဈေးလေးအကြောင်း စပြောချင်ပါတယ်။ ဒီဈေးကတော့ ရွာငံမြို့နဲ့ ၆ မိုင်အကွာလောက်မှာရှိပါတယ်။ ရှမ်းပြည်နယ်ရဲ့ ထုံးစံအတိုင်း ငါးရက်မှ တစ်ခါကျတဲ့ ဈေးနေ့ပေါ့။ ရွာငံမြို့အနီးဝန်းကျင်ကနေလာကြတဲ့ ဈေးသည်တွေ ဈေးဝယ်တွေနဲ့ စည်စည်ကားကားလည်း ရှိပါတယ်။

ပြီးတော့ မြေပြန့်ပိုင်းကနေ ကုန်လာရောင်းကြတဲ့ဈေးသည်တွေ၊ဒေသထွက် သီးနှံတွေလာဝယ်ကြတဲ့ မြေပြန့်ပိုင်းက ဈေးဝယ်တွေ၊ပွဲစားတွေနဲ့ကုန်စည်ဒိုင်တွေ စည်ကားလှတဲ့ ရေဦးဈေးလေးပါ။

မြို့ပြအရပ်နဲ့ကင်းဝေးတဲ့ တောင်ပေါ်ဒေသတစ်ခုမှာ စားသုံးသီးနှံတွေကလည်း သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ လတ်လတ်ဆတ်ဆတ်တွေချည်းပါ။ မြို့ပြမှာဆိုရင်တော့ ဒါတွေကို အော်ဂဲနစ်သီးနှံတွေလို့   ခေါ်ကြမှာပါ။

နောက်တစ်ခုသဘာဝကျကျတွေ့ရမှာကတော့ ဝါးနဲ့လုပ်ထားတဲ့ပလိုင်းလေးတွေကိုယ်စီလွယ်လို့ ဈေးဝယ်နေကြတဲ့ ဒေသခံတွေပါ။ ဒီလိုသဘာဝဆန်တာလေးတွေဟာ ရိုးရာတစ်ခုကို   ပြသရာရောက်သလို ကျွတ်ကျွတ်အိတ်သုံးစွဲမှုကိုပါ လျော့နည်းစေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

ကျွန်မလည်း ပလိုင်းလေးတစ်လုံးလွယ်ပြီး ဒေသခံတွေလို ဈေးဝယ်ကြည့်ချင်တယ်လေ။ ဒါနဲ့ပဲ တောထဲကနှုတ်လာကြတယ်ဆိုတဲ့ သစ်ခွပန်းပင်တွေကို အမှတ်တရဝယ်ဖြစ်သွားပါတယ်။ ဒီလိုမျိုး သဘာဝနဲ့နီးနီးကပ်ကပ်ရှိနေဆဲဖြစ်တဲ့ နေရာလေးမှာ သဘာဝကျကျလေး ဈေးဝယ်လိုက်ရတာကို ကျွန်မ အမြဲတမ်းသတိတရရှိနေဦးမှာပါ။

ဒီရှမ်းပြည်နယ်ခရီးစဉ်အတွင်း နောက်ထပ်အမြဲတမ်း သတိတရရှိနေဦးမယ့် နေရာလေးတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒီနေရာလေးကလည်း အခုလိုမျိုး သဘာဝနဲ့နီးကပ်နေဆဲ ဒေသတစ်ခုပါ။ အဲ့ဒီနေရာလေးမှာဆိုရင် ……….

… တစ်နှစ်မှာ ၆ လလောက် ရေပတ်လည်ဝိုင်းနေတယ် …

… အင်းလေးဒေသမှာလိုပဲ လှေကို ခြေနဲ့လှော်ကြတယ်..

… ခါးလောက်ရှိတဲ့ရေထဲမှာ စပါးတွေရိတ်သိမ်းကြတယ် …

… ရေထဲမှာ ဝါးတန်းတွေထိုးပြီး စပါးတွေလှမ်းကြတယ် …

… ပြီးတော့ ဒီနေရာလေးကို ဒုတိယအင်းလေး…လို့လည်း ခေါ်ကြတဲ့ “ပုံးအင်းဒေသ” ဖြစ်ပါတယ်။

ပုံးအင်းဆိုတဲ့ဒေသလေးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့အကြားမှာ တည်ရှိနေတာပါ။ ကမ္ဘာကျော်အင်းလေးကန်နဲ့ဆိုရင် တောင်တစ်တောင်သာ ခြားပါတယ်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ကနေဆိုရင် ၁ နာရီလောက် ကားမောင်းသွားလိုက်တာနဲ့ ပုံးအင်းဒေသကို ရောက်ပါပြီ။

ဒီဒေသမှာ ဆန်စပါးစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပါတယ်။ လူတော်တော်များများသိကြတဲ့ နာမည်ကျော် နောင်မွန်ရှမ်းဆန်ဟာ ပုံးအင်းဒေသက ထွက်တာပါ။  ဒါပေမဲ့ လူတော်တော်များများ မသိသေးတာတစ်ခုကတော့ ပုံးအင်းဒေသဟာ ကုန်း ၆ လ ရေ ၆ လလို့ ပြောရတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုပါ။ ဇူလိုင်လကနေ ဒီဇင်ဘာလထိက ရေ ၆ လ… ဇန်နဝါရီလကနေ ဇူလိုင်လဆန်းလောက်ထိက ဆိုင်ကယ်တွေ ကားတွေတောင် မောင်းလို့ရတဲ့ ကုန်း ၆ လပါ..။

ဒါကြောင့်မို့လည်း စပါးစိုက်ချိန်မှာ ရေရှားပြီး စပါးရိတ်ချိန်မှာ ရေတွေပြည့်လို့ နေပါတယ်။ ဒါပေမဲ့ မြန်မာလို ပုံးအင်း … ရှမ်းလို ထုင့်ပူင်းလို့ခေါ်တဲ့ ဒီဒေသဟာ တကယ့်ကိုလှပတဲ့ဒေသတစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒီဒေသလေးရဲ့ ပတ်ပတ်လည်မှာဆိုရင် တောင်တန်းတွေဝိုင်းရံ..နေပြီး တောင်တန်းတွေရဲ့အလယ်မှာဆိုရင်တော့ ရှမ်းတောင်တန်းတွေဆီက စီးဆင်းလာတဲ့ ကွေ့ကွေ့ကောက်ကောက် ချောင်းလေးတစ်ခု ရှိနေပါတယ်။ ဒီချောင်းကတော့ ပုန်းအင်းဒေသရဲ့ အသက်သွေးကြောလည်း ဖြစ်တဲ့ တံဘက်ချောင်းပါ။

အင်းလေးကန်အရှေ့ဘက်မှာရှိတဲ့ တောင်တန်းနဲ့ နမ့်ပွန်ချောင်းအရှေ့ဘက်က လွယ်မော တောင်တန်းကြားမှာ လယ်ယာလုပ်ကိုင်လို့ကောင်းတဲ့ လျှိုကြီးတစ်ခု ရှိပါတယ်။ ဒီလျှိုကြီးကို ရှမ်းဘာသာနဲ့ ပုန်းလို့ ခေါ်ပါတယ်။ ဒီလျှိုကြီးတလျှောက်ကို သုံးပိုင်းခွဲလိုက်တဲ့အခါမှာတော့ လျှိုကြီးစတင်ရာဦးခေါင်းပိုင်းဟာ ဟိုပုန်း၊ အလယ်ပိုင်းဟာ ထုင်းပူင်း၊ အမြီးပိုင်းဟာ ဟန်ပုန်းဖြစ်လာပါတော့တယ်။

မွေတော်က္ကူရောက်လို့ အရှေ့ဖက်စောင်းတန်းကနေကြည့်လိုက်ရင် လွင်ပြင်ကြီးတစ်ခုကို လှမ်းမြင်နေရပါတယ်။ အဲ့ဒါကတော့ အလယ်ပိုင်းမှာရှိတဲ့ ပုံးအင်းပါ။ ဒီလွင်ပြင်ကြီးတစ်ခုလုံးကိုခြုံပြီး ပုံးအင်းလို့ခေါ်ပါတယ်။ အဲ့ဒီပုန်းအင်းဒေသမှာရှိတဲ့ရှမ်းရွာလေးတစ်ရွာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောင်စန့်ရွာလို့ ခေါ်ပါတယ်။

နောင်စန့်ရွာကို လာဖို့အတွက် လမ်းညွှန်ပေးရမယ်ဆိုရင်တော့ ဟိုပုံးမြို့ကနေ နောင်မွန်မြို့ကိုကားနဲ့လာပြီး မော်တော်နဲ့ဆက်သွားနိုင်သလို တောင်ကြီးမီးပုံးပျံကွင်းရှိရာလမ်းဘက်ကနေ နမ့်စန်သွားတဲ့လမ်းအတိုင်း ထွက်လာပြီး ပုန်းအင်းသို့ ဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်ပြထားတဲ့အတိုင်း တည့်တည့်ဆက်သွားလိုက်ရင် နောင်စန့်ရွာကို ရောက်ပါပြီ။ 

ကျွန်မတို့ကတော့ တောင်ကြီးဘက်ကနေ ကားနဲ့လာကြတာပါ။ ဒါပေမဲ့ နောင်စန့်ကို ရောက်တယ်ဆိုရင်ပဲ ကားလမ်းဆုံးသွားပါပြီ။ ဒါကြောင့် ရေလမ်းနဲ့ခရီးဆက်ဖို့အတွက် ကားကိုရွာအဝင်တံတားအနီးမှာ ထားခဲ့ရပါတယ်။ ပြီးတော့ မော်တော်တစ်စီးနဲ့ ရှမ်းမိသားစုတစ်စု ရှိရာကို ခရီးဆက်ရမှာပါ..။ ကျွန်မတို့အနေနဲ့ ရှမ်းရွာလေးတစ်ရွာမှာ ရှမ်းတိုင်းရင်းသားတွေနဲ့အတူ တစ်နေ့တာနေထိုင်သွားဖို့ စီစဉ်ထားပါတယ်။

ပုန်းအင်းမှာတော့ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီးတော့ ပုန်းအင်းကျေးရွာအုပ်စုထဲမှာဆိုရင် ကျေးရွာပေါင်း ၆၂ ရွာ ပါဝင်တယ်လို့ ဆိုပါတယ်။ အခု နောင်စန့်ရွာကတော့ အဲ့ဒီထဲကတစ်ရွာပါ။ နောင်စန့် ဆိုတာရဲ့ မြန်မာလိုအဓိပ္ပာယ်ကတော့ ဆင်အိုင် ပါတဲ့။

ပြီးတော့ နောင်စန့်ရွာရဲ့ ထူးခြားမှုတစ်ခုက ရွာရဲ့အနေအထားဟာ တောင်ကြီးမြို့နယ်ထဲမှာရော ဟိုပုံးမြို့နယ်ထဲမှာရော .. ဆီဆိုင်မြို့နယ်ထဲမှာပါ ပါဝင်နေတဲ့အတွက် ရွာကို အပိုင်း သုံးပိုင်း ခွဲခြား ထားရတာပါ။ တစ်ပိုင်းချင်းစီမှာ သူကြီးတစ်ဦးစီရှိပါတယ်။ ဒါပေမဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကတော့ ဘုံအဖြစ်သုံးကြတယ်လို့ ပြောပြကြပါတယ်။ ကိစ္စအ၀၀ကိုလည်း အတူတူပူးပေါင်းလုပ်ဆောင်ကြပါတယ်တဲ့။ယဉ်ကျေးမှုရော စိတ်ဓာတ်ရော စိတ်ဝမ်းမကွဲ မပျက်စီးသေးတဲ့နေရာတစ်ခုလို့ ဆိုရင်လည်း လွန်မယ်မထင်ပါဘူး။

နောင်စန့်ရွာသူကြီးရဲ့အိမ်က အိမ်အကြီးကြီးဖြစ်ပေမယ့် တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတာကို ကျွန်မ သတိထားမိပါတယ်။ ဘာကြောင့်များပါလိမ့် …။ နောက်တစ်ခုကတော့ စပါးရိတ်သိမ်းချိန်လည်း ဖြစ်နေတဲ့အတွက် သူကြီးကိုယ်တိုင်လည်း စပါးရိတ်ဖို့သိမ်းဖို့ကိစ္စတွေနဲ့ အလုပ်များလှပါတယ်။

ညနေစောင်းလာနဲ့ တပြိုင်နက် မိသားစုဝင်တွေလည်း တဖြည်းဖြည်းစုံလာပါပြီ …။

သူကြီးရဲ့အမေကလည်း တစ်နေကုန် ဈေးသွားရောင်းနေရာကနေ ပြန်လာပါပြီ။ ဈေးရောင်းတယ်ဆိုပေမယ့် နောင်မွန်ဈေးနေ့တစ်ရက်တည်းမှာပဲ ရောင်းတာပါ။ နောင်မွန်ဈေးနေ့မနက်စောစောမှာ ဈေးသွားဝယ် … ပြီးတော့ လှေတစ်စီးနဲ့ တစ်အိမ်ချင်းသွားပြီး တဆင့်ပြန်ရောင်းတာလို့ ဆိုပါတယ်။ ခုချိန်ထိအောင် ကျန်းကျန်းမာမာနဲ့ ကိုယ်တိုင်လှေလှော်ပြီး သွားနေတုန်းပါပဲ ..။

ညစာအတွက် ချက်ပြုတ်ပြင်ဆင်ကြတာကလည်း တကယ့်ကို စိတ်ဝင်စားစရာပါပဲ …။ အခုချိန်မှာ တစ်နေ့ကို သုံးနာရီလောက်သာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရတဲ့အခြေအနေ ဖြစ်နေဆဲပါတဲ့..

ရေ ၆ လဖြစ်နေတဲ့အချိန်မှာဆိုရင်လည်း လှေလေးတစ်စီးနဲ့ အိမ်အလည်သွားကြ …

ကုန်း ၆ လအချိန်မှာလည်း လမ်းလျှောက်ရင်း အိမ်အလည်သွားကြနဲ့ပါ …

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြကြရင်း လျှပ်စစ်မီးမရှိတဲ့ညကို ဖြတ်သန်းရတာကလည်း အတွေ့အကြုံအသစ် တစ်ခုပါပဲ..။ နောက်တနေ့ကြတော့ သူကြီးနဲ့အတူ စပါးရိတ်သိမ်းတဲ့နေရာတွေကို သွားကြပါတယ် ..။ပုံးအင်းဟာ ရှမ်းရိုးရာစပါးရိတ်သိမ်းတဲ့ပုံစံကို တွေ့ရမယ့် တစ်ခုတည်းသောနေရာပါတဲ့ ..။

ဒီနေရာမှာတော့ စပါးပင်တွေကို စက်နဲ့ရိတ်ဖို့ အဆင်မပြေပါဘူး။စပါးရိတ်ချိန်ဆိုရင် ဟိုး..မှာမြင်နေရတဲ့အတိုင်း ရေထဲကို ကိုယ်တစ်ဝက်လောက်စိမ်နေပြီးမှ ရိတ်ရပါတယ်။ ဒီလိုပုံစံနဲ့ နေ့တစ်ဝက်လောက် ရိတ်သိမ်းကြ.. ထမင်းစားချိန်ရောက်ရင်တော့ လှေပေါ်မှာပဲ တက်စားကြ… ရှေးဘိုးဘွားတွေလက်ထက်ကတည်းက ဒီလိုနေထိုင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေက ရေထဲစပါးဆင်းရိတ်နေချိန်မှာ အမျိုးသမီးတွေကတော့ လှေတစ်စီးနဲ့ စပါးတွေဆယ်ပြီး ဝါးတန်းတွေပေါ်မှာ လှန်းကြပါတယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ပဲ ဆိုဆို ရှမ်းအမျိုးသားနဲ့ အမျိုးသမီးတွေဟာ လယ်ယာလုပ်ငန်းခွင်မှာ ကိုယ့်တာဝန်ကိုယ်စီယူလို့ စုပေါင်းလုပ်ဆောင်ကြတဲ့ အလေ့အထလေးတစ်ခုပါပဲ။

အခုမြင်နေရတဲ့ စပါးနှံတွေ ရေမြှုပ်သွားရင် ဆုံးရှုံးမှုတွေရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့် ရေပိုမတက်လာခင် အပြိုင်ရိတ်သိမ်းကြရတယ်လို့ ဆိုပါတယ်။ ဒီလို မိုးကြီးပြီး ရေတက်များတဲ့ ဖြစ်ရပ်တွေကို ၃-၄ နှစ်တစ်ခါဆိုသလို ကြုံရတတ်ပါတယ်။

ပြီးတော့ ဟိုးမှာမြင်နေရတဲ့ ရေပေါ်ပေါလောပေါ်နေတဲ့စပါးတွေကို ခြောက်သွားအောင်လို့ ၁၅ ရက်လောက် နေလှန်းကြရပါတယ်။ ဒီစပါးတွေ ခြောက်သွားရင်တော့ အိမ်ကို သယ်သွားကြပြီး စပါးခြွေကြရပြန်ပါတယ် …။ ဒီတော့ ရေရှားချိန်မှာ စပါးစိုက်ပျိုး … ရေများချိန်မှာ စပါးရိတ်သိမ်း … အခြောက်လှန်း … စပါးခြွေ … ဒါတွေကတော့ ပုံးအင်းဒေသရဲ့ နိစ္စဓူဝလုပ်ငန်းခွင်ပုံရိပ်တွေပါ ..။

ဒီနေရာလေးကို ရောက်ဖူးတဲ့သူတွေနဲ့ အငြင်းပွားစရာလေးတစ်ခု ရှိနိုင်တယ်ဆိုတာတော့ ကြိုပြောထားပါရစေ။ ရေခန်းနေတဲ့အချိန်မှာ ရောက်လာတဲ့သူတွေအတွက် ဒီနေရာလေးဟာ ဖုန်တထောင်းထောင်းနဲ့ ခြောက်ကပ်ကပ်နေရာလို့ မြင်ကြမှာဖြစ်သလို ရေတက်နေချိန်မှာ ရောက်လာတဲ့သူတွေကတော့ ဒီနေရာလေးဟာ လှေကို မရှိမဖြစ်သုံးရတဲ့နေရာ .. ကြည့်လေရာ ရေပတ်လည်ဝိုင်းလို့ .. အင်းလေးကန်လိုပဲလို့ မြင်ကြမယ့်နေရာလေးတစ်ခု ဖြစ်နေမှာပါ။

ဒီပုံရိပ်တွေ … သဘာဝအလှအပတွေ … ရိုးရှင်းလှတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ လူနေမှုပုံစံတွေနဲ့ တစ်ရက်တာ ထိတွေ့ခွင့်ရခဲ့ပါပြီ ..။ သဘာဝနဲ့နီးနီးကပ်ကပ် တည်ရှိနေဆဲနေရာလေးတစ်ခုမှာ အတွေ့အကြုံအသစ်တွေလည်း အများကြီးရရှိခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly