၂၀၂၀ပြည့်နှစ်တွင် တရုတ်၏ လူဦးရေ ၄၅ သန်းတိုးမည်

၂၀၂၀ပြည့်နှစ်တွင် တရုတ်၏ လူဦးရေ ၄၅ သန်းတိုးမည်

လာမည့် ငါးနှစ်အတွင်း ၎င်း၏လူဦးရေမှာ ၄၅ သန်းတိုးလာမည်ဟု တရုတ်က ခန့်မှန်းထားသည်။ တိုးလာမည့်လူဦးရေ ပမာဏမှာ စပိန်နိုင်ငံ၏ လူဦးရေလောက်ရှိသည်။ တစ်အိမ်ထောင်လျင် ကလေးတစ်ဦးပေါ်လစီရုပ်သိမ်းပြီး လူဦးရေအချိုးအစားအမျိုးအစားအကျပ်အတည်းကြီးမားလာချိန် ယင်းသို့ခန့်မှန်းချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ငါးနှစ်စီမံကိန်းမူကြမ်းတစ်ခုကို ကွန်မြူနစ်ပါတီက ထိန်းချုပ်သော ပါလီမန်ဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးအဖွင့်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်မှာ ကာလကြာမြင့်နေပြီဖြစ်သည်။ တရုတ်၏လူဦးရေမှာ ၂၀၂၀ပြည့်နှစ်တွင် ၁ဒသမ၄၂ဘီလျံဝန်းကျင်အထိ ရောက်ရှိလာမည်ဖြစ်သည်။

ယင်းပမာဏမှာ ကလေးတစ်ဦးပေါ်လစီအသက်ဝင်စဉ် ၂၀၁၁က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းနှင့် ကွဲလွဲနေသည်။ တရုတ်က ၎င်း၏လူဦးရေကို ၁ဒသမ၃၉ဘီလျံအတွင်းသာ ထိန်းထားမည်ဟု လွန်ခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သေးသည်။

မိသားစုစီမံကိန်းစည်းမျဉ်းများက နိုင်ငံစီးပွားရေးစန်းပွင့်မှုအတွက် အဓိကထောက်ကူပေးသည့် အရာဖြစ်သည်ဟု အာဏာပိုင်က ပြောကြားသည်။ သို့သော်လည်း ယင်းစည်းမျဉ်းများကို အတင်းအကျပ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ ယင်းသို့ပြဋ္ဌာန်းမှုကြောင့် လုပ်သားအင်အားကျုံ့သွားပြီး ကျား-မအချိုးအစားမှာလည်း ဆိုးဆိုးဝါးဝါး မညီမမျှဖြစ်သွားခဲ့သည်။

ယခုနှစ်တွင်မူ အငြင်းပွားဖွယ်ကလေးတစ်ဦးပေါ်လစီကို အစိုးရလျှော့ကာ ကလေးနှစ်ဦးယူရန် ခွင့်ပြုခဲ့သည်။ သို့သော်လည်း ကုန်ကျစရိတ်ကြီးလေးမှုကြောင့် နောက်ထပ်ကလေးထပ်မလိုချင်ဟု မိဘအများအပြားက ပြောဆိုနေသည်။

"ကျွန်တော်တို့ဟာ မိသားစုစီမံကိန်းဆိုင်ရာ အခြေခံအမျိုးသားမဟာဗျူဟာကို လိုက်နာပြီး စုံတွဲတိုင်း ကလေးနှစ်ဦးယူခွင့်ပြုတဲ့ ပေါ်လစီကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရပါလိမ့်မယ်"ဟု ငါးနှစ်စီမံကိန်းမူကြမ်းတွင် ဖော်ပြသည်။

ယင်းမူကြမ်းအား အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးတွင် အတည်ပြုရန်ရှိသည်။ ၂၀၂၀ပြည့်နှစ်အတွက် တရုတ်၏ခန့်မှန်းချက်အရ လွန်ခဲ့သည့်ငါးနှစ်ကထက် လူဦးရေသိသာစွာတိုးလာမည်ဖြစ်ပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်းက တရုတ်၏လူဦးရေမှာ ၃၃သန်းသာတိုးခဲ့သည်။

၂၀၁၅နှစ်ကုန်က စုစုပေါင်းလူဦးရေမှာ ၁ဒသမ၃၇ဘီလျံရှိခဲ့ပြီး စုစုပေါင်းမွေးဖွားမှု ၃၂၀,၀၀၀ကျဆင်းခဲ့သည်ဟု တရားဝင်စာရင်းများတွင် ဖော်ပြခဲ့သည်။ ရာစုနှစ်များစွာ ယောကျားလေးကို ဦးစားပေးသည့် အစဉ်အလာကြောင့် မိန်းကလေးကိုယ်ဝန်များမှာ ဖျက်ချခံရခြင်း မွေးပြီးမှ သတ်ဖြတ်ခံရခြင်းတို့ ရှိနေရာ ကျား-မအချိုးအစားမှာ မညီတော့ပေ။ ယင်းပြသနာကိုလည်း ကိုင်တွယ်ဖြေရှင်းမည်ဟု အစိုးရက ကတိပြုထားသည်။

တစ်အိမ်ထောင်ကလေးတစ်ဦးပေါ်လစီကို ၁၉၇၀ပြည့်လွန်နှစ်များ နောက်ပိုင်းကစ၍ အကောင်အထည်ဖော်လာခဲ့ရာ ၁၉၈၀-၂၀၁၄ ကာလတွင် မွေးဖွားမှုတွင် ယောကျားလေး-မိန်းကလေး ပျမ်မျှအချိုးမှာ ၁၁၄ ဒသမ ၇ ရှိလာသည်ဟု နိုင်ငံပိုင်မီဒီယာက အစောပိုင်းက အစီရင်ခံခဲ့သည်။ ထို့ကြောင့် တရုတ်အမျိုးသား သန်း ၃၀ကျော်မှာ ဇနီးမရတော့မည့် အန္တရာယ်နှင့် ကြုံနေရသည်။

လွန်ခဲ့နှစ်က အချိုးမှာ ၁၁၃ဒသမ၅၁ရှိသည်ဟု အမျိုးသားစာရင်းအင်းဗျူရိုက ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly