မြန်မာနိုင်ငံ ကင်းထောက်မောင်မယ် အင်အား ခြောက်သောင်း ၀န်းကျင်ရှိ

မြန်မာနိုင်ငံ ကင်းထောက်မောင်မယ် အင်အား ခြောက်သောင်း ၀န်းကျင်ရှိ
ဓာတ်ပုံ - သတင်းစဉ်

ဥမကွဲသိုက်မပျက် အေးအတူ ပူအမျှ စိတ်ဓာတ်ထားရန်မှာကြား

မတ်လ ၅ ရက် ။           ။ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်တွင် ကင်းထောက်မောင်မယ် အင်အား ခြောက်သောင်းဝန်းကျင် ရှိလာပြီဟု မြန်မာနိုင်ငံ ကင်းထောက်ချုပ်ကြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

မတ်လ ၁ ရက်နေ့မှစ၍ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပါးစခန်း) ၌ စခန်းချနေကြသည့် ကင်းထောက်မောင်မယ်များအား မတ်လ ၄ ရက်နေ့တွင် တွေ့ဆုံစဉ် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

၂၀၁၅ ခု မေလအတွင်းက ပြင်ဦးလွင်မြို့၌ တတိယအကြိမ် တွေ့ဆုံကြစဉ်က အဖွဲ့ဝင်ပေါင်း ၃၇၀၀၀ ဦးခန့်သာရှိသေးပြီး တနှစ်ခန့်အတွင်း အဖွဲ့ဝင် နှစ်သောင်းကျော် ထပ်တိုးလာခြင်းဖြစ်သည်။

ကင်းထောက်ချုပ်ကြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ဥမကွဲသိုက်မပျက် အေးအတူ ပူအမျှ အတူတကွ ချစ်ကြည်စွာ နေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓါတ်" ကိုထားရှိရမည်ဖြစ်ပြီး ဗလငါးတန်နှင့် ပြည့်စုံရန် လိုကြောင်း၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရန်၊ အချင်းချင်း ရိုင်းပင်းကူညီရန်ဆိုသည့် စိတ်ထားများကိုပါ လေ့ကျင့်သွားကြရမည်။" ဟု ကင်းထောက်မောင်မယ်များအား မှာကြားသည်။

မြန်မာနိုင်ငံကင်းထောက်အဖွဲ့အား ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အကူအညီများပေးရန်နှင့် မြန်မာ ကင်းထောက်များအား အကဲဖြတ်ရန် ပုပ္ပါးစခန်း၌ ကင်းထောက်မောင်မယ်များနှင့်အတူ ရောက်ရှိနေကြသည့် ကမ္ဘာ့ ကင်းထောက်အဖွဲ့နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းအဖွဲ့များက ၂၀၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ကင်းထောက် အဖွဲ့အစည်းများ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံကင်းထောက်အဖွဲ့အား ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်   နိုင်ငံဖြစ်ရေးအတွက် ကူညီကြမည်ဟုလည်း သိရသည်။

အဆိုပါ ပုပ္ပါးစခန်းတွင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကင်းထောက်ကြီးများ၊ အထောက် အကူပြုအဖွဲ့များအပါအဝင် စုစုပေါင်း ၆၁၉ ဦး စခန်းချလျက်ရှိပြီး အရည်အသွေးဆန်းစစ်ခြင်း၊ စခန်းကာလ အတွေ့အကြုံ များ အကဲဖြတ်ခြင်း၊ ကင်းထောက်လုပ်ငန်းစဉ်များ သင်ကြားခြင်း၊ ခြေလျင်တောင်တက် ခရီးထွက်ခြင်း၊ နယ်မြေလေ့လာ ခြင်းတို့   ဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံ၌ ကင်းထောက်အဖွဲ့၏ လှုပ်ရှားမှုများသည် '၁၉၆၄ ခုတွင် အခြေအနေကြောင့် ရပ်ဆိုင်းသွားခဲ့ရာမှ တိမ်ကော ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်ပြီး ၂၀၁၂ ခုတွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်ဟု ၂၀၁၅ ခု ပြင်ဦးလွင်မြို့ တတိယအကြိမ် စခန်းချတွေ့ဆုံပွဲ၌ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့သည်။

ပုပ္ပါးစခန်းခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်နှင့်အတူ ဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးရဲထွဋ်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်တို့လည်း လိုက်ပါကြသည်။

ယခု ပုပ္ပါးစခန်း စခန်းချတွေ့ဆုံမှုမှာ စတုတ္ထအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်ကို ၂၀၁၃ ခု၌ နေပြည်တော် ရွာတော်တည်းခိုရေး စခန်း၊ ၂၀၁၄ ခု ဒုတိယအကြိမ်နှင့် ၂၀၁၅ ခု တတိယအကြိမ်တို့ကို ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ်စခန်း၌ ကျင်းပခဲ့သည်။

Ref;MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly