ဒဂုံစီးတီးအပါအဝင် စီမံကိန်းလေးခု ပျက်ပြယ်နိုင်ဟု စည်ပင်သာယာရေး ကော်မတီဝင် ထုတ်ပြန်

ဒဂုံစီးတီးအပါအဝင် စီမံကိန်းလေးခု ပျက်ပြယ်နိုင်ဟု စည်ပင်သာယာရေး ကော်မတီဝင် ထုတ်ပြန်

ရန်ကုန်မြို့တွင် လုပ်ဆောင်နေသည့် ဒဂုံစီးတီး အပါအဝင် စီမံကိန်းလေးခုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံတွင် ခွင့်ပြုချက ်ရယူရမည်ဖြစ်သော်လည်း ခွင့်ပြုချက် မယူခြင်းကြောင့် အဆိုပါ စီမံကိန်းများ ပျက်ပြယ်နိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဖြစ်သူ ဦးခင်လှိုင်က ကြေညာလိုက်သည်။

“ဒဂုံစီးတီး စီမံကိန်းတစ်ခုဖြစ်သည့် Marga Landmark Development ကုမ္ပဏီအား ရန်ကင်း မြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းဒေါင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနပိုင်မြေနေရာ (၁၇.၀၇)ဧကကို ချထားပေးခြင်း၊ ဦးအိုက်ထွန်းပိုင် ရွှေတောင်ကုမ္ပဏီအား ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ သုံးဧကခွဲ (မြန်မာ့မီးရထား ရုံးချုပ်ဟောင်း) မြေနေရာအား ချထားပေးခြင်း၊ Adventure Myanmar နှင့် သုခရတနာ ကုမ္ပဏီနှစ်ခု တို့အား လမ်းမတော်မြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI)အနီးရှိ ယခင်ကုန်သွယ်ရေးဌာနပိုင် ဂိုဒေါင်ရုံးဟောင်း နေရာ၊ မြေ(၉)ဧကအား ကုမ္ပဏီ တစ်ခုလျှင် ၄ ဒဿမ ၅ဧကနှုန်းဖြင့် ချထားပေးရန်စီစဉ်နေခြင်း၊ ကုန်သည်များနှင့် စက်မှု အသင်းချုပ်(UMFCCI)ဥက္ကဌဦးဝင်းအောင်နှင့် IBTC ကုမ္ပဏီလုပ်ငန်းရှင် ဦးအောင်ကျော်မိုးတို့ ပူးပေါင်း ထားသည့် Andaman Alliance Healthcare အား ဗိုလ်ချုပ်လမ်း ဒေါင့်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေနေရာ (၄.၄ဧက)ကို ပုဂ္ဂလိကဆေးရုံလုပ်ငန်းအတွက် မြေနေရာ ချထားပေးခြင်း” တို့ကို ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်စာတွင် ပါရှိသည်။

သို့သော် “အဆိုပါ ကုမ္ပဏီများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ ခွင့်ပြုချက် ရယူရန်အတွက် ယနေ့ထိလျှောက်ထားခြင်း၊ ကော်မတီဝင်များ အစည်းအဝေးတွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခွင့်ပြုချက်ပေးခြင်း( လုံးဝ)မရှိခဲ့ပါ” ဟု ထပ်မံဖေါ်ပြထားသည်။

ထို့ကြာင့် “ယင်းစီမံကိန်းကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြဆောင်ရွက် ဆွေးနွေးထားခြင်း မရှိခြင်းကြောင့် လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှ စီမံကိန်းများ အဆောတလျင် ချထားပေးခြင်းကိစ္စကို ရပ်ဆိုင်းထားရန် အတည်ပြု ဆုံးဖြတ်ပြီးဖြစ်ပါ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ပေးထားသော အဆိုပါ စီမံကိန်းများအားလုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း တည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲ ကိုက်ညီမှုမရှိပါ၍ အလိုအလျောက် ပျက်ပြယ်နိုင်ပါကြောင်း စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် အများပြည်သူ သိရှိစေရန် ကြေငြာအပ်ပါသည်။” ဟု ထုတ်ပြန်စာတွင် ဖေါ်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly