ပုသိမ်ကြီး မြေပြင်အင်ဂျင်နီယာတပ်ရင်း မြေတူးဖေါ်မှု ဒေသခံများ ဝင်တား

ပုသိမ်ကြီး မြေပြင်အင်ဂျင်နီယာတပ်ရင်း မြေတူးဖေါ်မှု ဒေသခံများ ဝင်တား

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာတွင်  အမှတ်(၉၁၀) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေများထဲသို့ ဝင်ရောက်၍ မြေများတူးဖော်သည်ဆိုကာ မကျေနပ်ခြင်းကြောင့် ဒေသခံများက မတ်လ ၅ ရက်၊နံနက် ၁၀ နာရီတွင် တားမြစ်ခဲ့ကြသည်။

အဆိုပါ လယ်မြေများသည် အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ၁၉၉၃ ခုနှစ်တွင် တပ်ရိက္ခာဖူလုံရေးအတွက် ဧက ၂၇၇.၅၃ အား နစ်နာကြေးမပေးဘဲ သိမ်းယူထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။

ထိုမြေများကို မည်သည့် သီးနှံမှ စိုက်ပျိုးခဲ့ခြင်း မရှိသောကြောင့် ဒေသခံများက ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို ၂၀၁၄ခုနှစ်မှစတင်၍ စာတင်တောင်းဆိုမှုများ ပြုထားသော်လည်း ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီလ ပထမအပတ်မှစတင်ကာ စက်ယန္တရားများဖြင့်ဝင်ရောက်၍ မြေများတူးဖော်ခဲ့သည်။

မြေများတူးဖော်နေသည်ကို ဒေသခံများက ဆက်လက်မပြုလုပ်ရန် တားမြစ်သော်လည်း ဆက်လက် တူးဖော်နေခြင်းကြောင့် ယနေ့တွင် ဒေသခံများက တူးဖော်နေသည့် နေရာထဲသို့ ဝင်ရောက် တားမြစ်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

"ကျွန်တော်တို့မြေပြန်ရဖို့ စာတင်ထားတယ်။ဘာမှအကြောင်း မပြန်ခင်အခုလို မြေတွေ ဝင်တူးတာပဲ။ဆက်မလုပ်ဖို့ တားတာလည်းမရဘူး။ ဒီမြေက ကျွန်တော်တို့ စိုက်ပျိုး လုပ်ကိုင် စားသောက် ရမယ့်မြေပါ။ဒါကို ပြန်မပေးချင်တော့ မြောင်းဖေါက် ကန်တူးနေတာလို့ မြင်တယ်။ကျွန်တော်တို့အနေနဲ့ကတော့ ဆက်တူးလို့ မရအောင်တားရမှာပဲ။ အခုလည်းတားနေတယ်။"ဟု လယ် ၅ ဧက သိမ်းယူခံထားရသူ ဦးလှထွန်းကပြောသည်။

လယ်မြေ ၃ ဧကခွဲအသိမ်းခံခဲ့ရသည့် အသက် ၇၂ အရွယ် ဒေါ်နီက "အမေကြီးတို့ လယ်ယာမြေလေးကိုပဲ ပြန်လိုချင်ပါတယ်။အခုအမေကြီး အတော်ဒုက္ခရောက်နေတယ်။ ရွာကကျွေထားလို့ အသက်ရှင် နေရတာပါ။အမေကြီးမသေခင် ဒီမြေလေးတွေပြန်လိုချင်တယ်။ပြန်လိုချင်လို့ ဒီနေ့ဝင် တားတာပါ။"ဟုပြောသည်။

အဆိုပါတူးဖော်နေခြင်းကိုရပ်တန့်ပေးရန်နှင့်လယ်မြေများပြန်ပေးအပ်ရန်အတွက် မတ်လ ၁၃ ရက်တွင် သိမ်ဆည်းခံ ထားရသည့် မူလလယ်ပိုင်ရှင် ၂၀၀ ကျော်က လက်မှတ်များထိုး၍ ထပ်မံတင်ပြ တောင်းဆိုသွားရန် စီစဉ်နေသည်ဟုလည်း ကန့်ကွက်နေသူများကဆိုသည်။

အဆိုပါ လယ်မြေတူးဖော်နေခြင်းနှင့်ပတ်သက်၍ အမှတ်(၉၁၀)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းသို့ မဇ္ဈိမမှ သွားရောက်မေးမြန်းရာတွင် အဆိုပါမြေတူးဖော်ခြင်းကို ကွပ်ကဲလုပ်ကိုင်နေသည့် ဗိုလ်ကြီးတစ်ဦးက ”မေးတာတွေ၊ သိချင်တာတွေ ဖြေချင်ပေမယ့်။ ကျွန်တော့်အနေနဲ့ ဖြေခွင့်မရှိပါဘူး။ တပ်အတွက်လုပ်တာပါ။ရေသိုလှောင်ဖို့ပါ။ဒီမြေတွေက တပ်မြေတွေပါ။ဒီလောက်ပါပဲ။"ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly