ဝ တပ်မတော်နှင့် အစိုးရတပ်တို့ ဆွေးနွေးမှုများကြားကပင် တင်းမာမှုရှိနေဆဲဟုဆို

ဝ တပ်မတော်နှင့် အစိုးရတပ်တို့ ဆွေးနွေးမှုများကြားကပင် တင်းမာမှုရှိနေဆဲဟုဆို
(ဓာတ်ပုံ - Youtube)

(ချင်းမိုင်)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့ တင်းမာမှု လျော့စေရန် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယနေ့ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်ဟု UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

နှစ်ဖက်တပ်များ ဆုတ်ခွာ၍ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် UWSA တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခုထိ နှစ်ဖက် တပ်များ ဆုတ်ခွာခြင်း မရှိသေးသဖြင့် အခြေအနေ တင်းမာမှု ရှိနေခြင်း ဖြစ်သည်။

“တင်းမာမှုကတော့ ရှိသေးတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ မဖြစ်ဘဲနဲ့ ငြိမ်နေတယ်လို့ ပြောလို့ရမယ်။ တပ်ကတော့ အခု ချက်ချက်ဆုတ်တာတော့ မရှိသေးဘူး”ဟု UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

နှစ်ဖက်တပ်များ အကြား ပစ်ခတ်တိုက်ခိုက်မှုများ မရှိစေရန် ထိန်းသိမ်းနေသဖြင့် မကြာမီ တည်ငြိမ်မှု ရရှိပြီး ကောင်းသည့်ဘက် ဦးတည်နေသည်ဟု မျှော်လင့်ကြောင်း သူက ပြောဆိုသည်။

“အခုတော့ နှစ်ဖက်စလုံးက ငြိမ်နေကြတယ်။ ဆက်ပြီးတော့ ဖြစ်ပွားလာမယ့် ကိစ္စတွေကို ရှောင်ကြဉ်နေတယ်။ ဒါကြောင့်မို့ လို့ ကောင်းတဲ့ဘက်ကို ဦးတည်နေတယ်လို့ပဲ ပြောလို့ ရမယ်နဲ့တူတယ်။  ဒါကြောင့် ငြိမ်ပြီးတော့ တဖြည့်ဖြည်းကောင်း သွားမှာပါ။ ကောင်းတဲ့ဘက် ဦးတည်နေတယ်လို့ ပြောလို့ ရမှာပါ။ ဒါပေမဲ့ သမ္မတကြီးရဲ့ ညွန်ကြားချက်လည်း ထပ်ပေးတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အတူ သမ္မတ ဦးသိန်းစိန်လည်း ဝ တောင်ပိုင်းတပ်ရင်း ၁၇၁ ပင်မ ဆက်ဆံရေးတာဝန်ခံ ဦးကျော်နိန် ဦးဆောင်သော ကိုယ်စားလှယ်တို့နှင့် နှစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးမှု တွင် နှစ်ဖက် ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် တပ်များ ဆုတ်ခွာရန် သဘောတူညီခဲ့သည်ဟု UWSA ၏ ပြည်ပဆက်ဆံရေး ပထမဌာနမှူး ဦးအိုက်လူက မဇ္ဈိမကို ပြောထားသည်။

 “ဗိုလ်ချုပ်မင်းအောင်လှိုင်က ခရီးထွက်နေတယ်။ အဲဒါကြောင့် မတွေ့ဘူး။ ဒါပေမဲ့ ဦးသိန်းဇော်နဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့တယ်။ သူတို့က ပြောတယ်။ နှစ်ဖက်စလုံးတပ်ဆုတ်ပါ။ တိုက်ပွဲ မဖြစ်စေနဲ့ပေါ့နော်။ နှစ်ဖက်စလုံး ငြိမ်းချမ်းရေး ယူပါ။ ဘာမှ မဖြစ်ချင်နဲ့ ဦးသိန်းစိန်နဲ့ ဦးသိန်းဇော်ကလည်း ဗိုလ်ချုပ် မင်းအောင်လှိုင်ကို ပြောမယ်လို့ ပြောတယ်”ဟု ဦးအိုက်လူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစတင်၍ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ဝ တပ်တို့ နှစ်ဖက် စစ်အင်အား ၁၀၀၀ ကျော်ခန့် ဖြည့်တင်း ချထားသဖြင့် အစိုးရ စစ်တပ်ဘက်မှ မဆုတ်ခွာပါက  ဝ တပ်ဘက်မှလည်း ဆုတ်ခွာမည် မဟုတ်ကြောင်း သူက ပြောဆိုခဲ့သည်။

ဇွန်လဆန်းပိုင်းကလည်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် လူ ၁၆ ဦးကို သစ်ခုတ်မှုဖြင့် အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် တြိဂံတိုင်းမှူးနှင့် ဝ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး၍ ၎င်းတို့အား ပြန်လည် လွတ်မြောက်ခဲ့သည်။  

UWSA က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ကို ဖိတ်ကြား၍ ဌာနချုပ် ပန်ဆန်းမြို့တွင် အစည်းအဝေး ကျင်းပသော ပထမနေ့ UWSA ခေါင်းဆောင် ဦးပေါက်ယိုချမ်း၏ အဖွင့် မိန့်ခွန်းတွင် ဝ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အစိုးရက အသိအမှတ်ပြုရေးကို ထောက်ခံပေးရန် တောင်းဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် လက်နက်အင်အား အကြီးမားဆုံးဖြစ်သော UWSA သည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ဆွေးနွေးခြင်း မရှိသော်လည်း တိုင်းရင်းသားသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် မဟာမိတ်အဖွဲ့အဖြစ် ရပ်တည်နေသည်။

UWSA သည် လက်ရှိ အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

ဝ အဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်းခမ်း) စသည့်မြို့နယ် ၆ ခုကို ခရိုင် ၂ ခရိုင်ဖွဲ့၍ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly