မြစ်ဆုံဆည် စီမံကိန်း လျှော်ကြေးပေးသည်အထိ မဖြစ် လက်ခံနိုင်သည့် နည်းလမ်းကို အစိုးရသစ်နှင့် ငြိနှိိုင်းမည်

မြစ်ဆုံဆည် စီမံကိန်း လျှော်ကြေးပေးသည်အထိ မဖြစ် လက်ခံနိုင်သည့် နည်းလမ်းကို အစိုးရသစ်နှင့် ငြိနှိိုင်းမည်

စီမံကိန်းအတွက် လျှော်ကြေးပေးရသည်အထိ မဖြစ်နိုင်ဘဲ အားလုံးလက်ခံနိုင်သည့် နည်းလမ်းကို အစိုးရသစ်နှင့် ငြိနှိုင်းလုပ်ဆောင်သွားမည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောသည်။

“စိတ်ရှည်ရှည်နဲ့ ဖြေရှင်းပါမယ် လျှော်ကြေးပေးဖို့အထိ မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်။ အစိုးရသစ်နဲ့ ဆက်ဆွေးနွေးပြီး လက်ခံနိုင်တဲ့ နည်းလမ်းကို ရှာဖွေပါမယ်” ဟု တရုတ်သံအမတ်ကြီးက မတ်လ ၄ ရက် သူ၏နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ရာသီဥတုသည် မိုးဥတုတွင် ရေရရှိမှုများပြားပြီး နွေရာသီတွင် ရေရှားပါးတတ်ခြင်းကြောင့် ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲတတ်ရန် လိုသည်ဟုလည်း တရုတ်သံအမတ်က သတိပေးသည်။ တရုတ်နိုင်ငံတွင် ရေအရင်းအမြစ်ကို ၁၉၄၉ ခုနှစ်တွင် စနစ်တကျ စီမံခန့်ခွဲခဲ့ခြင်းကြောင့် ဖွံ့ဖြိုးမှု အသီးအပွင့်ကို တရုတ်ပြည်သူများ ယနေ့တွင် ခံစားနေရသည်ဟု တရုတ်သံအမတ်က ဆိုလိုက်ပြီး မြန်မာနိုင်ငံတွင်မူ ထိုသို့မဟုတ်ပါက “စီမံခန့်ခွဲမှုကို ဒီလိုမလုပ်ဘူးဆိုရင် ဆိုးကျိုးသာ ခံစားရပါလိမ့်မယ်” ဟု သူက သတိပေးသည်။

မြစ်ဆုံဆည် စီမံကိန်းကို ရည်ညွှန်းလျက် ဆက်လက်ပြောဆိုရာတွင် တစ်နိုင်ငံလုံးအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သင့်ပြီး “ကျနော်တို့ကတော့ စိတ်ရှည်လက်ရှည် ဖြေရှင်းချင်ပါတယ်” ဟုလည်း သံအမတ်က ပြောသည်။

စီမံကိန်းများသည် “ပြည်သူအတွက် ပွင့်လင်းမြင်သာတဲ့ စီမံကိန်းများ ဖြစ်ရမယ်” ဟု သူကဆိုကာ “ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလည်း မဖြစ်မနေ ဖြည့်ဆည်းပေးပါမယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့ပြင် တစ်နေရာတွင် ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် ပြင်ဆင်လျက်ရှိသည်ဟုလည်း ပြောသည်။“တရုတ်နိုင်ငံအနေနဲ့  ဝင်ငွေရပြီး ချစ်ကြည်ရေးထိခိုက်မယ့် အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။ ပြည်သူတွေ လက်မခံရင်လည်း လုပ်လို့မရပါဘူး” ဟုလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly