ပါကစ္စတန်တွင် ဆယ်နှစ်သမီးအား အလျော်အစားပေး မင်္ဂလာဆောင်ခိုင်းမှုကို ရဲက တားဆီး

ပါကစ္စတန်တွင် ဆယ်နှစ်သမီးအား အလျော်အစားပေး မင်္ဂလာဆောင်ခိုင်းမှုကို ရဲက တားဆီး

အစ္စလာမ်မာဘတ်၊ မတ် ၅ ။             ။ ပါကစ္စတန်နိုင်ငံတွင် မိသားစုနှစ်စုကြား အငြင်းပွားမှုများ အဆုံးသတ်စေရေးအတွက် အလျော်အစားပေးသည့် သဘောဖြင့် ၁၄ နှစ်အရွယ် ယောက်ကျားလေးနှင့် ဆယ်နှစ်အရွယ် ကလေးမလေးတို့အား လက်ထပ်ထိမ်းမြားပေးမည့် မင်္ဂလာပွဲကို ရဲက တားမြစ်ခဲ့ရသည်။

မိန်းကလေး၏ အစ်ကိုဖြစ်သူက ၎င်းဇနီးဖြစ်သူကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရရာ ဇနီး၏ ဆွေမျိုးသားချင်းများမှ တစ်ယောက်နှင့် အဆိုပါ ဆယ်နှစ်သမီးလေးအား လက်ထပ်ပြီး အလျော်အစားပေး ကျေအေး ကြရန် ကျေးရွာ ရပ်မိရပ်ဖများက ဆုံးဖြတ်ခိုင်းစေခြင်းဖြစ်သည်။

ပါကစ္စတန်တွင် ပြစ်မှုကျုးလွန်သူ၏ ဆွေမျိုးမိန်းမသားများအနေဖြင့် အလျော်ပေးခြင်းအနေဖြင့် ကျုးလွန်ခံရသူ မိသားစုဆွေမျိုးတစ်ဦးနှင့် လက်ထပ်ခိုင်းစေခြင်း အလျော်ပေးမင်္ဂလာဆောင်ဓလေ့သည် ဥပဒေမဲ့ဖြစ်သော်လည်း နိုင်ငံတွင်း ပေါ်ပေါက်ဖြစ်ပွားမြဲ ဓလေ့ထုံးတမ်းတစ်ခုဖြစ်နေသည်။

ယခုအမှုကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာရပ်မိရပ်ဖသက်ကြီးရွယ်အိုလေးဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။ အထက်ပါ ဆယ်နှစ်သမီး၏ အလျော်အစားပေးမင်္ဂလာဆောင်ကို ပန်ဂျပ်ပြည်နယ် ရာဟမ်ယာခန်းခရိုင်တွင် ကျင်းပနေကြခြင်းဖြစ်ပြီး ရဲက ဝင်စီးသဖြင့် မင်္ဂလာပွဲ ပျက်သွားခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်အကျုံးဝင်နေသူ သံသယရှိ လူ ၂၀ ခန့်အားလည်း ရဲက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတာဝန်ရှိသူ ယာဆင်က ဘီဘီစီသို့ ပြောသည်။

မိန်းကလေး၏ အစ်ကိုဖြစ်သူသည် ဇနီးသည် ဖောက်ပြန်သည်ဟု သင်္ကာမကင်းဖြစ်ကာ ဇနီးကို ပြန်သတ်သည်ဟု စွပ်စွဲခံထားရပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

၎င်းအား ဖမ်းဆီးပြီးနောက် ကျေးရွာလူကြီးများက မိသားစုနှစ်ခုကြား ပဋိပက္ခ မဖြစ်ပွားရန် အလျော်ပေးဖို့ ဆုံးဖြတ်ချက်ချ ခိုင်းစေခြင်းဖြစ်သည်။

အမှုဖြစ်ပွားသည့် မိသားစုနှစ်ရပ်စလုံးက ဟိန္ဒူလူနည်းစုများဖြစ်ပြီး ရွာလူကြီးများက အသတ်ခံရသူ မိန်းမ၏ ဆွေမျိုးတစ်ဦးနှင့် အဆိုပါ ဆယ်နှစ်သမီးလေးအား ပေးစားလက်ထပ်ကာ ကျေအေးကြရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly