ဘန်ကောက်ရှိ သေနတ်ဆိုင်တစ်ဆိုင်ကို မွန်ဂိုလီးယား အမျိုးသားများ ဝင်စီး တစ်ဦးသေ

ဘန်ကောက်ရှိ သေနတ်ဆိုင်တစ်ဆိုင်ကို မွန်ဂိုလီးယား အမျိုးသားများ ဝင်စီး တစ်ဦးသေ

မတ်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သေနတ်ဆိုင်တစ်ဆိုင်ကို မွန်ဂိုလီးယား အမျိုးသားလေးဦးက ဝင်ရောက်စီးနင်း လုယက်စဉ် ဘန်ကောက်၏ တရုတ်တန်းတွင် ထူးထူးခြားခြား သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျူးကျော်သူများထဲမှ တစ်ဦး သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရုတ်ပတ်စ်ပို့များ ကိုင်ဆောင်ထားသော ၎င်းအမျိုးသားများ သည် တကယ့်သေနတ်များကို လုယက်ရန် လေသေနတ် အမျိုးအစားဖြစ်သော BB-gun သေနတ်များ ဖြင့် စီးနင်းခဲ့သည်။ သို့သော်လည်း ဆိုင်ပိုင်ရှင်က လုယက်သူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့၏ အကြံအစည်မှာ ပျက်သွားခဲ့သည်။ ထို့နောက်မကြာမီ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကာ လုယက် သူများကို ပစ်ခတ်သည်။ စီးနင်းသူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံး သွားသည်။

ရဲတပ်ဖွဲ့က ကွန်ရက်၏ ခေါင်းဆောင်ကို လိုက်လံရှာဖွေနေသည်။ ရဲအရာရှိများ၏ ပြောကြား ချက်အရ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ တစ်ကြိမ်မက ဝင်ရောက်ဖူးသည်ဟု သိရသည်။ "သူတို့ ဟာ စစ်ဆင်ရေးကို ကောင်းကောင်း စီစဉ်ခဲ့တယ်။ လုယက်မှုမလုပ်ခင် ပထမဆိုင်ကို လေ့လာတယ်" ဟု အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ချက်သစ်ချိုင်ဂျင်ဒါက အခင်းဖြစ်ရာနေရာတွင် သတင်းထောက် များကို ပြောသည်။ "သူတို့ရဲ့ ရည်ရွယ်ချက်က တကယ့်သေနတ်တွေကို လုဖို့ပဲ၊ ဒါပေမဲ့ ဘာကြောင့် ဒီလိုသေနတ်တွေသုံးဖို့ စီစဉ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ မသိဘူး" ဟု ၎င်းက ပြောသည်။ ထို့အပြင် ယင်းအမျိုးသားများမှာ မွန်ဂိုလီးယား လူမျိုးများ ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စီးနင်းခံရသော Inter Arms ဆိုင်သည် ဘန်ကောက်၏ သမိုင်းဝင်တရုတ်တန်းရပ်ကွက်၏ ခမ်းနားသော ဘားများ စားသောက်ဆိုင်များရှိရာ စည်ကားသော လမ်းတစ်ခုပေါ်တွင် ရှိသည်။ သေနတ် ပိုင်ဆိုင်မှုမှာ ထိုင်းနိုင်ငံတစ်ဝန်း ပျံ့နှံ့နေပြီး ထိုင်းသည် အာရှတွင် သေနတ်ကြောင့်ဖြစ်ပွား သည့် လူသတ်မှု အမြင့်ဆုံးဖြစ်ပွားသည့် နိုင်ငံထဲတွင် ပါဝင်နေသည်ဟု စောင့်ကြည့်သည့် အဖွဲ့များက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ လူဦးရေ ၆၇ သန်းရှိသော ထိုင်းတွင် သေနတ် ပိုင်ဆိုင်မှုအား မှတ်ပုံတင်ထားသူ ၆ ဒသမ ၁ သန်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly