ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ခန့်အပ်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ခန့်အပ်မည်

နေပြည်တော်၊ မတ် ၄ ။ ။ ရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် NLDအနေဖြင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ခုနှစ်က လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ူ ဦးညီပုကို ခန့်အပ်ရန် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုလိုက်ကြောင်း NLDဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

မတ်လ ၄ရက်၊ နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်ရှိ နှင်းဆီစံအိမ်တွင် ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာမျိုးအောင်တို့ တွေ့ဆုံညှိနှိုင်းကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ရခိုင်မှာတော့ ဦးညီပုကို ဝန်ကြီးချုပ်ခန့်ဖို့ ဒေါ်စုက အတည်ပြုပြီးပြီ" ဟု ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်မည့် ဦးညီပုသည် NLDပါတီ၏ ရခိုင်ပြည်နယ်ဥက္ကဌတစ်ဦးဖြစ်လို ၂၀၁၅နိုဝင်ဘာရွေးကောက်ပွဲတွင် ဂွမြို့နယ်ကိုယ်စားပြုအနိုင်ရထားသော ပြည်နယ်အမတ်တစ်ဦးလည်း ဖြစ်သည်။

အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် NLDအနေဖြင့် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် NLDပါတီမှသာမက အခြားပါတီများအပါအဝင် အရပ်သားများပါ ပါဝင်ဖွဲ့စည်းမည်ဟု ဦးဝင်းထိန်က ပြောသည်။

"ရှမ်းနဲ့ ရခိုင်တင်မကဘူး။ တခြားပြည်နယ်တွေမှာပါ အခြားပါတီဝင်တွေရော၊ အရပ်သားထဲက သင့်တော်တဲ့သူတွေရောပါဖို့အတွက် ရည်ရွယ်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

သို့သော် တိုင်းနှင့်ပြည်နယ် ၁၄ခုစလုံးတွင် ဝန်ကြီးချုပ်များအဖြစ် NLDပါတီဝင်များကိုသာ ခန့်အပ်မည်ဟုလည်း ဦးဝင်းထိန်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly