အရေးပေါ်အခြေအနေတွင် အသက်ကယ်ဆယ်ရေး သင်တန်းများ ပို့ချနေ

အရေးပေါ်အခြေအနေတွင် အသက်ကယ်ဆယ်ရေး သင်တန်းများ ပို့ချနေ
ရှင်သန်ရေး ကူညီမှုအသင်း Yangon Rescue Team ၏ နိုင်ငံတကာ အဆင့်မှီ အရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်း သင်တန်းဆင်းပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ကန်တော်ကြီး (ဗိုလ်ချုပ်ကြေးရုပ် အနောက်ဖက်) တွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများကဲ့သို့ အရေးပေါ်အခြေအနေတွင် ဆေးရုံသို့ မရောက်မှီ အရေးပေါ် ကုသနည်းကိုမသိ၍ မသေသင့်ဘဲသေဆုံးမှုများ တွေ့ရှိလာရသည့်အတွက် နိုင်ငံတကာ အဆင့်မီ အရေးပေါ်အသက် ကယ်ဆယ်ရေး သင်တန်းကို ရှင်သန်ရေးနှင့် ကူညီမှုအသင်းမှ ငါးရက်ကြာ သင်တန်းပေးခဲ့သည်ဟု ရှင်သန်ရေး ကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

ဦးလှထွန်းက "ကားတိုက်လို့ပဲဖြစ်ဖြစ်၊ အရိုးကျိုးတဲ့သူက အာရုံကြောနဲ့ သွေးပြန်ကြောကို ပြန်မဖေါက်အောင်
ပြတ်သွားရင် သေတာပဲ။ စနစ်တကျ ပတ်တီးစည်းနည်း နည်းပညာ တိတိကျကျလေးဖြစ်အောင် တကယ်ဖြစ်ပေါ်လာရင် အချိန်နဲ့ တပြေးညီ အသက်ကယ်လို့ရအောင်ကို သရုပ်ပြသွားတာပါ"ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ အဆင့်မှီ အရေးပေါ် အသက်ကယ်ဆယ်ရေးသင်တန်း "Emergency Rescue Training Course" ကို ရန်ကုန်မြို့တွင် ငါးရက်ကြာ သင်ကြားပေးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ကန်တော်ကြီး (ဗိုလ်ချုပ် ကြေးရုပ် အနောက်ဘက်) တွင် သင်တန်းဆင်းပွဲနှင့်အတူ လက်တွေ့သရုပ်ပြပွဲကိုပါ ပြုလုပ်ခဲ့သည်။

ရှင်သန်ရေးနဲ့ ကူညီမှုအသင်း အတွင်းရေမှူး မရွေကြာက "ရန်ကုန်မှာ ကားမှောက်ရင် လူတွေက ကားပေါ်ကို ဆွဲတင်လိုက်တယ်၊ဆေးရုံ မရောက်ခင် အသက်ရှင်သန်ရေး အတွက် ဘယ်လို့ပြုစုမလဲ ဆိုတာမသိဘူး၊ အမှန်ဆို အဲ့လိုမသယ်ရဘူး၊ ဆေးရုံမရောက်ခင်မှာ အသက်ရှင်သန်ဖို့ကို စောင့်ရှောက်တဲ့ နည်းတွေရှိတယ်၊ နောက် ရာဇဝတ်ကြောင်းအရ ဓါးထိုးမှု ခိုက်ရန်ဖြစ်ပွားလည်း ရဲတွေ အနေနဲ့ ဥပဒေကြောင်းအရတော့ အခက်ခဲရှိတယ်၊ ကယ်ဆယ်ရေးသမားအနေနဲ့ အဲ့ကိစ္စကို ရှေ့တန်းမတင်ဘူး။ လူနာကို  အသက်ရှင်ဖို့က အရေးကြီးတယ်လေ နောက်ပြဿနာကို နောက်မှရှင်းမယ်"ဟု ပြောသည်။

အသင်းက တိုက်ပြိုမှု၊ ကားတိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အသက်ရှင်ရေးအတွက် အကူအညီ ပေးမည်ဖြစ်ပြီး အသင်းအဖွဲ့ကို အချိန်မရွေး ဆက်သွယ်နိုင်သည်ဟု ၎င်းက ပြောသည်။ ၎င်းတို့အဖွဲ့ကို ဆက်သွယ်လိုပါက လူမှုကယ်ဆယ်ရေး အဖွဲ့အနေဖြင့်  ဖုန်း ၀၉ ၄၉၇၇၇၃၆၀ သို့ဆက်သွယ်၍ အကူညီတောင်းခံနိုင်မည် ဖြစ်သည်။

ရှင်သန်ရေးနှင့် ကူညီမှုအသင်းတွင်  ရှင်သန်ရေး နှင့် ကူညီမှုအသင်း၊ ဓမ္မပါလ အဖွဲ့၊ ဗြမ္မာစိုရ် (အဖျောက်)၊ ကြယ်စင်မေတ္တာ ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သွေးမေတ္တာ၊ အဖြူရောင်သုခအလင်းမှ လူငယ်များပေါင်းစည်း၍ သရုပ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ ရန်ကုန်မြို့တွင် လူငယ်အယောက် ၁၀၀ ကျော်ကို သင်တန်းပေးပြီးဖြစ်ကာ ရန်ကုန်၊ မော်လမြိုင်၊ ကျိုက်မရော၊ တွံ့တေး၊ ပြွန်တန်ဆာ မြို့များတွင် သင်တန်းပို့ချပေးခဲ့သည်။ ဇူလိုင် ၂ ရက်တွင် ပြည်မြို့၌ သင်တန်း ဆက်လက်ပို့ချပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly