ကျောက်မဲရှိ စစ်ပြေးဒုက္ခသည် ၂၀၀၀ကျော် နေရပ်ပြန်

ကျောက်မဲရှိ စစ်ပြေးဒုက္ခသည် ၂၀၀၀ကျော် နေရပ်ပြန်
ရှမ်းမြောက် လောက်ကိုင်တွင် တိုက်ပွဲများ ဖြစ်ပွားစဉ်က လားရှိုးသို့ ပြောင်းရွှေ့လာသည့် ဒုက္ခသည်များ။ (ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ မတ် ၄ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သော စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်သည် ယခု ရက်ပိုင်းအတွင်း ၎င်းသို့ ကျေးရွာများသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲများ ငြိမ်နေပြီ ဖြစ်သောကြောင့် ဒုက္ခသည်များ နေရပ်ကို အသီးသီး ပြန်နေကြခြင်းဖြစ်ပြီး ယနေ့ (မတ်လ ၄ရက်ထိ) နေရပ်ပြန်သူ  ၂၀၀၀ ကျော်ရှိပြီဟု ကျောက်မဲမြို့နယ် ရှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(SNLD)ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောသည်။

 

“သူတို့က တိုက်ပွဲက နည်းနည်းငြိမ်သွားတယ်။ သူတို့ စောင့်နေတယ်ဆိုတာ ပြန်ဖြစ်မလားဆိုပြီး စိုးရိမ်စိတ်နဲ့ စောင့်နေတာ။ အခြေအနေ ငြိမ်ပြီ။ ခုက သူတို့ လုပ်ငန်းတွေ ပြင်ဆင်ရမယ်။ မတ်လကုန်လောက်မှာ လက်ဖက်တွေ ခူးဖို့ စတာပေါ့လေ။ ဒီအတိုင်း ဆိုရင်တော့ ကျန်နေတဲ့လူတွေလည်း လျော့သွားမှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

 

ကျောက်မဲမြို့တွင် ဒုက္ခသည်စခန်း ၂၁ ခုမှ ဝေဠုဝန် စခန်းနှင့် ဘိုးဘွားရိပ်သာရှိ ဒုက္ခသည်စခန်း နှစ်ခုကို ပိတ်လိုက်ပြီ ဖြစ်ပြီး လက်ရှိ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၃၁၂ ဦး ကျန်နေသေးပြီး ထိုအထဲတွင် ကျောင်းသား ၈၉ ဦး ပါဝင်သည်ဟု သူက ပြောသည်။

 

အဆိုပါ စစ်ပြေးဒုက္ခသည်များသည် ပြီးခဲ့သည် ဖေဖော်ဝါရီလအတွင်းက တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် TNLA နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်သည်။

 

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေချိန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း ရှမ်းပြည်နယ်လွတ်တော်သို့ အဆိုပါ ဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ရာ အတည်ပြုချက် ရရှိခဲ့သည်ဟု စိုင်းထွန်းဉာဏ်က ပြောသည်။

 

တိုက်ပွဲအတွင်း လူ ၇ ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၇ လုံး မီးရှုံ့ခံရခြင်း၊ နေအိမ်များ ဖျက်ဆီးခံရမှုများကို စာရင်းကောက်ခံ၍ ပြန်လည် နေရာချထားရေးများ လုပ်ဆောင်မှုတွင် ရှမ်းပြည်နယ်အစိုးရမှ အကူအညီပေးရန် လွှတ်တော်တွင် အဆိုပြုချက်အပေါ် ကန့်ကွက်သူ မရှိ အတည်ပြုချက် ရရှိထားသည်ဟု စိုင်းထွန်းဉာဏ်က ပြောသည်။

 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ RCSS နှင့် TNLA တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ပြည်သူများ နေရပ်မှ ထွက်ပြေးတိမ်းရှောင်မှုများရှိလာသဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီမှ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက RCSS အား လက်ရှိ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးရန် ဆွေးနွေးခဲ့ပြီးနောက် တိုက်ပွဲများ မဖြစ်တော့ဘဲ တည်ငြိမ်နေခြင်း ဖြစ်သည်။

 

အစိုးရ စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း တအင်းဒေသ ကျောက်မဲ၊ နမ့်ခမ်း၊ မန်တုံ၊ ကွပ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်းနှင့် အတွင်းသို့ ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်အင်အား ၅၀၀၀ ခန့် တိုးမြင့်မှုများရှိနေသည်ဟု သိရသည်။

 

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ စစ်တပ်ဘက်မှ အင်အား အမြောက်အမြား တိုးမြင့်လာမှုများ ရှိသော်လည်း ကျောက်မဲမြို့နယ်အတွင်း စိုးရိမ်ဖွယ်မရှိကြောင်း သူက ပြောသည်။

 

“အခုက ကျောက်မဲမြို့နယ်ရဲ့ အစပ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကပ်ရပ် မိုင်းလော့၊ နမ္မတူပါတယ်။ ကွပ်ခိုင်၊ နမ့်ခမ်း၊ ကိုးကန့်ဘက်သွားတဲ့ဘက်လည်း စစ်အင်အား အကြီးအကျယ်တိုးချဲ့ပြီးတော့ သူတို့ပုံစံက နယ်မြေရှင်းလင်းတဲ့ ပုံစံပေါ့လေ။ ဒီဘက်မှာက မိုင်းလော့ထိပ်ပိုင်းလောက်ဘဲပါတယ်။ ကျန်တာမပါဘူး”ဟု သူက ဆက်လက် ပြောသည်။

 

မတ်လ ၂ ရက်နေ့ထိ TNLA နှင့် အစိုးရ တပ်တို့အကြား ကျောက်မဲမြို့နယ်နှင့် မန်တုံမြို့နယ်အတွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags