ချက်ပြည်သူ့နိုင်ငံက မြန်မာနှင့်အတူ စီးပွားရေးနယ်ပယ်သစ်များရှာဖွေချင်နေ

ချက်ပြည်သူ့နိုင်ငံက မြန်မာနှင့်အတူ စီးပွားရေးနယ်ပယ်သစ်များရှာဖွေချင်နေ

ချက်ပြည်သူ့နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့နဲ့ အကျိုးတူပူးပေါင်းဖို့ဆန္ဒရှိနေပြီး လောလောဆယ်တော့ ချက်ကုမ္ပဏီတွေက ရန်ကုန်မှာ စီးပွားဖက်တွေရှာဖွေနေတယ်လို့ ချက်ပြည်သူ့နိုင်ငံ စီးပွားရေးသံတမန်ရေးရာဌာနက ပြောပါတယ်။ 

ချက်ပြည်သူ့နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၈ ရက်အထိ လာရောက်ခဲ့ပါတယ်။ ဒီလိုလာရောက်ခဲ့တာဟာ ချက်ပြည်သူ့နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ သံတမန်ဆက်ဆံရေးကို တည်ဆောက်ချင်တာလည်း ပါဝင်ပါတယ်။

ပြီးတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကိုတိုးမြှင့်ချင်နေတာကိုလည်း တွေ့ရပါတယ်။

"ချက်နဲ့ မြန်မာနိုင်ငံကကုမ္ပဏီတွေ စီးပွားရေးအပြန်အလှန်လုပ်ကိုင်ဖို့ ကြီးမားတဲ့ အခွင့်အလမ်းရှိနေပါတယ်။ မြန်မာဈေးကွက်ထဲကို စွမ်းအင်၊ လယ်ယာကဏ္ဍ၊ဆေးဝါးကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကနေ ကုန်ပစ္စည်းတင်ပို့ဖို့ အလားအလာကောင်းတွေရှိနေပါတယ်။" လို့ ချက်ပြည်သူ့နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek က ပြောပါတယ်။ 

ချက်ပြည်သူ့နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ထဲမှာ ချက်ကုန်သည်ကြီးများအသင်းနဲ့ မြန်မာနိုင်ငံစက်မှုကုန်သည်အသင်းတို့ဟာ စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ သဘောတူညီမှုစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်မတိုင်ခင်တုန်းကလည်း ချက်ပြည်သူ့နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးချိတ်ဆက်မှုတွေအတွက် ၂၀၁၅ ခုနှစ်အတွင်း သဘောတူညီခဲ့ဖူးပါတယ်။

"ကျွန်တော်တို့ကအခြေခံအဆောက်အဦးတည်ဆောက်ရေးအပိုင်း၊ သယ်ယူပို့ဆောင်ရေး၊ပြည်သူ့လေကြောင်းလုပ်ငန်း၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ကျန်းမာရေးကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍတွေကိုအနာဂတ်မှာပူးပေါင်းသွားချင်ပါတယ်။" လို့ ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးသံတမန်ရေးရာဌာန ညွှန်ကြားရေးမှူး MiloslavStasekက ပြောပါတယ်။ 

ချက်ပြည်သူ့နိုင်ငံကဒီကဏ္ဍ (၇) ခုကို စိတ်ပါဝင်စားဖြစ်နေတာပါ။ လောလောဆယ်တော့ ချက်ကုမ္ပဏီတွေက ပြည်တွင်းက စီးပွားဖက်တွေကို ရှာဖွေနေပြီး ချက်ပြည်သူ့နိုင်ငံအနေနဲ့က သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည်ကကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ချင်နေတဲ့ အခြေအနေကိုတွေ့ရပါတယ်။

"စီးပွားရေးလုပ်ငန်းဆိုတာ ဥပဒေကိုအမြဲတမ်း ကျောထောက်နောက်ခံပြုရတာ၊ ခင်ဗျားသိတဲ့အတိုင်း.. အကောင်းဆုံး စီးပွားရေးလုပ်ငန်းဆိုတာကလည်း ဥပေဒမရှိဘဲ မဖြစ်လာဘူးလေ၊ ကျွန်တော်ကတော့ တစ်ချို့ စည်းမျဉ်းဥပေဒတွေ ထွက်ပေါ်ထားပြီးသားဖြစ်တယ်လို့ သိထားတယ်။ နောက်ဆုံးအခြေအနေမှာလည်း တံခါးဖွင့်စီးပွားရေးစနစ်ဟာလည်း တိုင်းပြည်ရဲ့ အကောင်းဆုံးစီးပွားရေးစနစ်ဖြစ်တယ်လို့ သိထားတယ်၊ ဒီကနေစီးပွားရေးဆောင်ရွက်ချက်တွေအတွက် အာမခံလို့ရနိုင်မှာပေါ့။" လို့ ချက်ပြည်သူ့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် Peter Drhlik က ဆိုပါတယ်။ 

ချက်ပြည်သူ့နိုင်ငံရဲ့ နောက်ထပ်စီးပွားရေးကိုယ်စားလှယ်တွေ ထပ်လာဖို့ရှိနေပြီး သူတို့ရွေးချယ်ထားတဲ့ ကဏ္ဍ (၇)ခုထဲကနေလုပ်ကိုင်နေတဲ့ ပြည်တွင်းကုမ္ပဏီတွေ ကိုခေါ်ယူညှိုနှိုင်းတာတွေ လုပ်သွားဖို့ရှိနေပါတယ်။ လောလောဆယ်တော့ ချက်ပြည်သူ့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ထားခြင်းမရှိသေးပါဘူး။ ဒါဘာကြောင့်လဲ..ချက်ပြည်သူ့နိုင်ငံရဲ့ ဆန္ဒက ဘာတွေလဲဆိုတာကို ကျွန်တော့်ရဲ့ 7 Minutes အစီအစဉ်မှာ ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးသံတမန်ရေးရာဌာန ညွှန်ကြားရေးမှူး မီလိုဆလက် စတာဆက် နဲ့ ဆွေးနွေးထားပါတယ်။ ဆွေးနွေးမှု အပြည့်အစုံကို မဇ္ဈိမဝက်ဆိုက် www.mizzimaburmese.com မှာ လာမယ့် တနင်္ဂနွေနေ့မှာ ဖော်ပြပေးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags