တအာင်းတပ် နှင့် အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ်

တအာင်းတပ် နှင့် အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ်
ဓာတ်ပုံ- အီးပီအေ

ချင်းမိုင်၊ မတ် ၄ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းအမျိုးသားလွတ်တပ်မတော်(TNLA)တို့နှင့် အစိုးရ စစ်တပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာသည်ဟု သိရသည်။

နမ်ခမ်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေသို့ အစိုးရ စစ်တပ်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာသဖြင့် မတ်လ ၃ ရက် နံနက် ၇ နာရီမှ မွန်းလွဲပိုင်း ၂ နာရီချိန်ထိ တိုက်ပွဲ ဖြစ်ပွားလာသည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်းကနေ ကျနော်တို့ တပ်ရင်း ၈နဲ့ တိုက်ပွဲဖြစ်တယ်။ ပန်းဆဲပြည်သူ့စစ်တွေ နေတဲ့ နေရာဘက် ကျနော်တို့ ရင်း ၈ နဲ့ ၉ က အဖွဲ့ ၃ ဖွဲ့ ခွဲပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်နေတာ ဒီမနက်တော့ အစိုးရ စစ်တပ်နဲ့ ပေါင်းပြီးတော့ ကျနော်တို့နဲ့ ခုန ၃ နာရီကျော်ထိ တိုက်ပွဲ ဖြစ်နေတုန်းပဲ။ ၂ နာရီနဲ့ ၃ နာရီကြားမှာတော့လက်နက်ကြီးတွေနဲ့ ပစ်နေတယ်”ဟု KIA တပ်မဟာ ၄ မှ ဒုဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကို ပြောသည်။

နမ်ခမ်းမြို့ အထက် ဆင်လီတောင်(ဒေသအခေါ် ပန်းဆဲတောင်)တွင် ပန်းဆဲပြည်သူ့စစ်မှ အကာအကွယ်ပေးထားသော ဘိန်းစိုက်ခင်း အများအပြားရှိနေသဖြင့် KIA က အဖွဲ့ ၂ ဖွဲ့ခွဲ၍ ဘိန်းခင်းများ ပျက်ဆီးနေရာ အစိုးရ စစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကျနော်တို့ဘက်က ဘိန်းတိုက်ဖျက်ဖို့ သွားနေတာ။ အစိုးရ စစ်ကြောင်းနဲ့တွေ့တာ။ ဒီဘက်မှာက လူထုအခြေပြု တိုက်ဖျက်ရေးအဖွဲ့တွေ ဝင်လို့မရတဲ့နေရာဖြစ်တယ်။ ပန်းဆဲပြည်သူ့စစ်တွေ သူတို့ လုံခြုံရေးယူပြီးတော့ စိုက်စားတဲ့ ဘိန်းခင်းတွေ ဖြစ်တယ်။ ကျနော်တို့ ဘိန်းသွားဖျက်ပေးတော့ ကျနေ်ာတို့ ရှိတဲ့ဘက် လက်နက်နဲ့ပစ်တယ်။ ဒီနေ့က အစိုးရ စစ်ကြောင်းတွေကို အင်အားဖြည့်လာပြီးတော့ တိုက်ပွဲဖြစ်တာ”ဟု ဒုဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

ဆင်လီတောင်ရှိ ဘိန်းခင်းများတိုက်ဖျက်ရန် အစိုးရ ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုုပ်ထားသဖြင့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များအနေဖြင့် ဝင်ရောက် တိုက်ဖျက်နိုင်ခြင်း မရှိသဖြင့် KIA တပ်များမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းချကာ သွားရောက် ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၄ နယ်မြေအတွင်းသို့ အစိုးရ စစ်အင်အား ထောင်ချီ တိုးမြင့်လာသဖြင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလာပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိနေသည်ဟု ဒု ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

“ဒီဘက်မှာတော့ အစိုးရ စစ်တပ်အင်အားတော့ တော်တော်များများ တိုးမြှင့်ထားတယ်။ တပ်မ ၃၃ နဲ့ ၆၆ တွေ ဝင်လာတယ်။ အင်အားကတော့ ၅၀၀၀ မကဘူး။ ဒီလလယ်လောက်ထိတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ဖို့ များတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ စစ်တပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အစိုးရဘက်မှ ၅ ဦး ကျဆုံးမှုရှိသလို၊ မတ်လ ၃ ရက် နံနက်ပိုင်းတွင်လည်း မန်တုံမြို့နယ် မန်မောက်ကျေးရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ပြောသည်။

“ညက ၉ နာရီလောက် ကျောက်မဲမြို့နယ်မှာ ဖြစ်တဲ့တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ တိုက်ပွဲမှာ အစိုးရဘက်က ၅ ဦးလောက်ကျတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဒီမနက်တော့ မန်တုံမြိ့ုနယ်မှာ တိုက်ပွဲ ထပ် ဖြစ်တယ်။ အစိုးရ စစ်တပ်ကားအစီး ၅၀၀ လောက်ရှိတယ်။ တိုးလာတာ။ လူအင်အားကတော့ ၄၀၀၀ အထက်ရှိတယ်။ မတ်လ ၁ ရက်မှာတော့ ကျနော်တို့နေတဲ့ ဘက်ကို တောတွေမှာ ထိုးစစ်ဆင်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

TNLA ထိန်းချုပ်နယ်မြေအတွင်း အစိုးရ၏ တပ်မ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ လှုပ်ရှားနေရာမှ ယခုရက်ပိုင်းတွင် တပ်မ ၅၅၊ ၁၀၁နှင့် စကခ ၂၊ ၇၊ ၁၀ စသည့် တပ်များ ထပ်မံ တိုးမြင့်လာသဖြင့် စစ်အင်အား ၄၀၀၀ ထက်မနည်း တိုးမြင့်လာသဖြင့် TNLA နှင့် တိုက်ပွဲ နေ့စဉ် ဆိုသလို တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။

ယခုကဲ့သို့ အစိုးရဘက်မှ စစ်အင်အားတိုးမြင့်လာမှုအပေါ် ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် အနေအထား လျော့နည်းနေသည်ဟု သံသယ ရှိလာသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

“အန်ကယ်တို့ သံသယတော့ ရှိမိတယ်။ သဘောက ငြိမ်းချမ်းရေးကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းချင်တဲ့ အနေအထားတွေ နည်းနည်း နည်းနေဆိုတဲ့ ပုံစံမျိုးပေါ့လေ။ အဲဒီလိုသဘောမျိုးတော့ မြင်တယ်။ ကချင်အပေါ်မှာလည်း တပ်မဟာ ၁ တခု ဖွဲ့စည်းတဲ့ အကြောင်းလည်း သူတို့မကြေလည်ဘူးလေ။ တအာင်းတပ်၊ AA တွေအပေါ်မှာ တစ်မျိုးမြင်နေတယ်ပေါ့”ဟု သူက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့် တာအင်းဒေသများအတွင်း မြန်မာတပ်မတော်မှ စစ်အင်အားတိုးချဲ့ကာ ထိုးစစ်အရှိပိုမိုမြင့်တင်ခြင်းသည် မြန်မာပြည်ငြိမ်းချမ်းရေးကို ဟန့်တား ပျက်ဆီးစေသည့် လုပ်ရပ်ဖြစ်သည်ဟု TNLA က မတ်လ ၁ ရက် သဘောထားထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags