တရုတ်ကာကွယ်ရေး အသုံးစရိတ် တိုးနှုန်း ယမန်နှစ်ထက် လျော့မည်

တရုတ်ကာကွယ်ရေး အသုံးစရိတ် တိုးနှုန်း ယမန်နှစ်ထက် လျော့မည်

ဘေဂျင်း၊ မတ်၊ ၄ ။             ။ တရုတ်နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကို ယခုနှစ်တွင်ထပ်မံမြှင့်တင်သွားမည် ဖြစ်သော်လည်း ယမန်နှစ်ကမြှင့်တင်ခဲ့သည့် နှုန်းထက်လျော့နည်းမည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများရှိနေခဲ့သည့် ပြီးခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်တိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထက်ထိရှိခဲ့သည်။

ယခုနှစ်တွင်လည်း တရုတ်နိုင်ငံသည် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကိုဆက်လက်တိုးမြှင့်သွား မည်ဖြစ်သော်လည်း တိုးမည့်နှုန်းမှာ ပြီးခဲ့သောနှစ်နှင့် ကျန်ခဲ့သောနှစ်များကတိုးခဲ့သည့်နှုန်း ထားထက် လျော့နည်းမည်ဖြစ်သည်။

'' တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဘက်ဂျက်က ဒီနှစ်မှာလည်းဆက်ပြီးတိုးမြင့်လာမှာ ဖြစ်ပေမယ့် တိုးတဲ့ပမာဏကတော့ ပြီးခဲ့တဲ့နှစ် နဲ့ ကျန်ခဲ့တဲ့နှစ်တွေတုန်းက တိုးခဲ့တဲ့ပမာဏထက်လျော့နည်းမှာပါ '' ဟု အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပြောရေးဆိုခွင့်ရအမျိုးသမီး ဖူယင် က ပြောကြားသည်။

'' ၇ ကနေ ၈ ရာခိုင်နှုန်းအတွင်း ဖြစ်ပါလိမ့်မယ် '' ဟုလည်း အဆိုပါအမျိုးသမီးက ပြောကြားသည်။

တိုးမြှှုင့်မည့်ပမာဏအတိအကျကို စနေနေ့တွင် အမျိုးသားပြည့်သူ့ကွန်ဂရက်စတင်ချိန်၌ ကြေညာသွားမည်ဟုလည်း ဖူက သတင်းထောက်များကို ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်စစ်ဘက်အသုံးစရိတ်သည် ၁၀.၁ ရာခိုင်နှုန်းတိုးခဲ့ပြီး ပမာဏအားဖြင့် ထိုစဉ်က ငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ ၁၄၁.၄ ဘီလျံ ရှိခဲ့သည်။

လေ့လာသူများကမူ တရုတ်၏ အမှန်တကယ်စစ်အသုံးစရိတ်သည် တရားဝင်ထုတ်ပြန်ကြေညာသည် ထက်များစွာ ပိုများလိမ့်မည်ဟု ယုံကြည်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly