နျူကလီးယားလက်နက်များကို အသင့်ပြင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင်အမိန့်ပေး

နျူကလီးယားလက်နက်များကို အသင့်ပြင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင်အမိန့်ပေး

ဆိုးလ်၊ မတ် ၄ ။              ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်သည့် နောက်ထပ် ပိတ်ဆို့ဒဏ်မှုများ ပြုလုပ်ပြီးနောက် ကြုံးဝါးခြိမ်းခြောက်မှုတစ်ခုအဖြစ် အမြဲတမ်းကြိုတင်လက်ဦးမှု ရယူနိုင်ရေးအတွက် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များကို အသင့်ပြင်ထားရန် ခေါင်းဆောင်ကင်ဂျုံအန်က အမိန့်ပေးလိုက်သည်။

အချိန်မရွေးပစ်ခတ်နိုင်ရန် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ထိပ်ဖူးများကို အသင့်လုပ်ထားရမည်ဟု ကင်၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက မတ် ၄တွင် ထုတ်ပြန်သည်။

ထို့အပြင် ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ အလွန်အန္တရာယ်ကြီးလာပြီဖြစ်သဖြင့် မြောက်ကိုရီးယားအနေဖြင့် ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်သည့် စစ်မဟာဗျူဟာသို့ ပြောင်းလဲကျင့်သုံးရန် လိုနေပြီဟုလည်း ကင်က ပြောသည်။

တင်းမာမှုမြင့်မားလာသည့် အခါတိုင်း ယခုကဲ့သို့ ရန်လိုသည့် ကြုံးဝါးသံများမှာ မြောက်ကိုရီးယားထံမှ ထွက်ပေါ်နေကျဖြစ်သည်။ မြောက်ကိုရီးယားတွင် နျူကလီးယားထိပ်ဖူးအနည်းငယ် ပိုင်ဆိုင်သည်ဟု သိထားကြသော်လည်း ယင်းထိပ်ဖူးများကို ဒုံးတွင် တင်ဆင်ပစ်ခတ်နိုင်စွမ်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများကြား သဘောကွဲလွဲနေသည်။ ဝါရှင်တန်ကမှု ကင်၏ခြိမ်းခြောက်မှုမှာ လူရှိန်အောင်လုပ်နေခြင်း သာဖြစ်သည်ဟု ဖော့ပြောခဲ့သည်။

နျူကလီးယားလက်နက်တစ်ခုကို သေးငယ်သည့်အရွယ်ဖြစ်အောင်ပြုလုပ်ပြီး တိုက်ချင်းပစ်ဒုံးကျည်တွင် တပ်ဆင်နိုင်သည့် စွမ်းရည်ကို မြောက်ကိုရီးယားက စမ်းသပ်ခြင်း ပြသခြင်းတို့ပြုလုပ်သည်ကို မမြင်ရသေးဟု အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ "အခုအချိန်အထိ လိုအပ်ရင် တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက အဆင်သင့်ပါ"ဟု ၎င်းကပြောသည်။

KCNA တွင် ဖော်ပြထားချက်အရ မြောက်ကိုရီးယားသည် ဇန်နဝါရီလက လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှု၊ လွန်ခဲ့သည့်လက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတို့ကြောင့် မြောက်ကိုရီးယားကို အပစ်ပေးသည့်အနေဖြင့် အမေရိကန်က မူကြမ်းရေးဆွဲထားသည့် ပိတ်ဆို့မှုများကို လုံခြုံရေးကောင်စီက အတည်ပြုပြီးနောက် နာရီပိုင်းအကြာ ကင်သည် ဒုံးစုံပစ်လောင်ချာမှ စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်စစ်ဆေးစဉ် ကင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် မတ် ၃က ၎င်း၏အရှေ့ဘက်ကမ်းတန်းအလွန်ရှိ ပင်လယ်ထဲ ကီလိုမီတာ ၁၀၀မှ ၁၅၀အကွာအဝေးသို့ ဒုံးကျည် ဒါဇင်ဝက်ခန့် ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly