L410 လေယာဉ်ပျံများ မြန်မာနိုင်ငံကို ရောင်းချဖို့ ချက်နိုင်ငံဆန္ဒရှိနေ

L410 လေယာဉ်ပျံများ မြန်မာနိုင်ငံကို ရောင်းချဖို့ ချက်နိုင်ငံဆန္ဒရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။ ။ ချက်ပြည်သူ့နိုင်ငံက သူတို့၏ ခုံ ၁၉ ခုံပါဝင်သည့် L410 အမျိုး အစားလေယာဉ်များကို မြန်မာနိုင်ငံကို ရောင်းချဖို့ ဆန္ဒရှိနေကြောင်း ကို ချက်ပြည်သူ့နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးသံခင်းတမန်ခင်း ဌာန၏ ညွှန်ကြားရေးမှူးက မဇ္ဈိမနှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

"အထူးသဖြင့် ခုံ၁၉ ခုံပါတဲ့ L410အမျိုးအစားလေယာဉ်တွေ ကို ရောင်းချ ပေးနိုင်မယ့် ကုမ္ပဏီတစ်ချို့ ကျွန်တော်တို့ဆီမှာ ရှိပါတယ်၊ သူက ပြည်တွင်းသယ်ယူပို့ဆောင်ရေးအတွက် အထူးကောင်းမွန်ပါတယ်" ဟု စီးပွားရေးသံခင်းတမန်ခင်းဌာ ညွှန်ကြားရေးမှူးဖြစ်သူ Miloslav Stasek က ပြောဆိုထားသည်။

ထို့အပြင် ယင်း L410 လေယာဉ်များကို သယ်ယူပို့ဆောင်ရေးအပြင် ကုန်စည်ပို့ဆောင်ခြင်းနှင့် အရေးပါအခြေအနေများဖြစ်လာလျှင် လူနာတင်လေယာဉ်အဖြစ်လည်း အသုံးပြုနိုင်အောင် ပုံစံထုတ်ထားသည်ဟု ညွှန်ကြားရေးမှူးက ပြောဆိုထားသည်။

" ကျွန်တော်တို့မှာ ပြိုင်ဘက်ကင်းတဲ့ လေဆိပ်တည်ဆောက်ရေးနည်းစနစ်တွေ ရှိပါတယ်၊ မြန်မာအစိုးရကိုလည်း ကမ်းလှမ်းထားပါတယ်"ဟု ၎င်းက ပြောသည်။

လေယာဉ်ရောင်းချဖို့အပြင် လေဆိပ်တည်ဆောက်ခြင်းအတွက်လည်း စိတ်ဝင်စားနေသည်ဟု Miloslav Stasek က ပြောပြထားသည်။

ချက်ပြည်သူ့နိုင်ငံအနေနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုကောင်း မွန်စေချင်ပြီး အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်မှုများတွင် ပိုမိုအလေးထားသွားမည်ဖြစ်သည်ဟု ချက်နိုင်ငံခြားရေးဝန် ကြီး မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ၂၈ ရက်နေ့အတွင်း ရောက်ရှိခဲ့စဉ်တွင် ဝန်ကြီးက ပြောဆိုထားသည်။

နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်တွင်းရှိ ချက်ကုမ္ပဏီများ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့ပြီး ချက်ကုန်သည်ကြီးများ အသင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းနှင့်လည်း စီးပွားရေးအရ အပြန်အလှန်ပူးပေါင်းလုပ်ကိုင်နိုင်မည့် စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly