ရိုးရာမြန်မာမုန့်မျိုးစုံလုပ်ငန်းနဲ့ အောင်မြင်မှုရရှိလာနေသူ မရွှေရည်ဖြိုး

02 March 2016
ရိုးရာမြန်မာမုန့်မျိုးစုံလုပ်ငန်းနဲ့ အောင်မြင်မှုရရှိလာနေသူ မရွှေရည်ဖြိုး

မရွှေရည်ဖြိုးက မြန်မာ့ရိုးရာ မုန့်မျိုးစုံကို ပြန်လည်ဖော်ထုတ်ပြီး ပြုလုပ်ရောင်းချပေးနေသူ မြန်မာအမျိုးသမီး တစ်ယောက်ပါ။ အလှကုန် ကုမ္ပဏီလောကမှာ ဝန်ထမ်းတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးတဲ့နောက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် မိမိနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား မြန်မာမုန့်လုပ်ငန်းကို  တစ်ပိုင်တစ်နိုင် စတင်လုပ်ကိုင်ခဲ့ဖြစ်ပါတယ်။ ဒီလို ရိုးရာမုန့်လုပ်ငန်းကို ပြန်လည်ဖေါ်ထုတ်ရောင်းချဖို့ အစပြုခဲ့ပုံကို မရွှေရည်ဖြိုးက အခုလိုပြောပြပါတယ်။

အစ်မက ကုမ္ပဏီအလုပ်ကထွက်ပြီးတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်မယ်ဆိုတဲ့ အချိန်မှာ ဘာစလုပ်ရင်ကောင်းမလဲ ကိုယ်က စဉ်းစားတာပေါ့။ မြန်မာမုန့်တွေဟာ တော်တော်များများက ရှားပါးလာတယ်ပေါ့နော်။ မြန်မာမုန့်စားတဲ့သူတွေလည်း ရှားလာသလို သိတဲ့သူတွေလည်း ရှားလာတယ်။ ဈေးကွက်ကလည်း မရှိဘူးပေါ့။ အဲဒီတော့ ဒါလေးကို စမ်းကြည့်ရင်ကောင်းမလား ဘာကြောင့်မလုပ်ကြတာလဲပေါ့။ စဉ်းစားလိုက်တဲ့ အချိန်မှာ စမ်းကြည့်ရင်ကောင်းမလားဆိုပြီးတော့ စဉ်းစားပြီးတော့ အမေနဲ့ အရင်တိုင်ပင်တယ်။ အမေ့ရဲ့ မုန့်လေးတွေကို အစ်မက ပါကင်လေးတွေနဲ့ လုပ်ပြီးတော့ အရင်ဆုံး စပြီးတော့ အမေ့ကုမ္ပဏီမှာ ဖြန့်ကြည့်တယ်။ ဖြန့်ကြည့်တဲ့ အနေထားမှာ အဆင်မပြေဘူး။

 မြန်မာမုန့်ရဲ့ အဓိက အားနည်းချက်က ကြာရှည်မခံဘူး။ ဒါပေမယ့် စမ်းကြည့်မယ် သူများ မလုပ်တာ လုပ်မှပဲ ဒီအလုပ်တစ်ခုက အဆင်ပြေမယ်ပေါ့နော်။ ပုံမှန်ဆိုရင် မြန်မာမုန့်တွေက ဈေးထဲမှာပဲ ရတာများတယ်။ ဒီလက်ဘက်ရည်ဆိုင်လေးတွေမှာဆိုရင် ပုံမှန်နေ့စဉ် မနက်စာစားရင် ဒါကို စဉ်းစားလိုက်တယ်။ စဉ်းစားလိုက်တဲ့ အချိန်မှာ လက်ဘက်ရည်နဲ့များသောအားဖြင့် ပါလာတာ အီကြာကွေး ဒါလေးတွေပဲ စားနေကြတာ မြင်တယ်။ ဒါကို အလွယ်တကူ လက်ဘက်ရည်ဆိုင်တွေမှာ စားမယ်ဆိုရင် အဆင်များ ပိုပြေနိုင်မလားဆိုပြီးတော့ ကိုယ်ကနေစပြီးတော့ Marketing  စဆင်းကြည့်တယ်။

ဆင်းခဲ့တဲ့ အချိန်မှာ အစ်မတို့ စန်ကျုရီဆိုတဲ့ လက်ဘက်ရည်ဆိုင်လေး ပေါ့ ကျောက်ကုန်းထိပ်မှာ ရှိတယ်။ အဲမှာစပြီး ဆင်းတဲ့ အချိန်မှာ ဒီပိုင်ရှင်ကနေပြီးတော့ မြန်မာမုန့်ကိုတဲ့ ဘယ်လောက်လောက် လုပ်နိုင်လဲပေါ့။ သူတို့ဆို ဒါဝမ်းသာတယ်ပေါ့။ ဒီမုန့်ကို စားချင်လို့ရှိရင် သီးသီးသန့်သန့် သွားစားရတယ်ပေါ့။ သမီးလုပ်မယ်ဆိုရင် သီးသီးသန့်သန့် ဒီလို ပါကင်ဗူးတွေနဲ့ မလုပ်ဘဲနဲ့ ကောင်တာလေးနဲ့ လုပ်ကြည့်ပါလားဆိုပြီးတော့ အကြံပေးတာနဲ့ အဲမှာစပြီးတော့ မြန်မာမုန့်ကိုစလုပ်ခဲ့တာပေါ့နော်။

မိမိကိုယ်ပိုင်ဆိုင်ခန်း မဖွင့်နိုင်သေးခင်မှာတော့ အနီးနား လက်ဘက်ရည်ဆိုင်နားမှာ သွားရောက်တင်သွင်းရောင်းချရာကနေ ဒီလုပ်ငန်းကို တင့်တင့်မြန်မာမုန့်ဆိုင်က အစပြုခဲ့ပါတယ်။ အခုဆိုရင် လက်ဘက်ရည်ဆိုင်တွေမှာလည်း ရောင်းချနေတာတွေဟာ ၇ဆိုင်ရှိပြီးဖြစ်သလို ပင်ရင်းဆိုင်အဖြစ်လည်း ကိုယ်ပိုင်ဆိုင် ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါတယ်။ အခုဆိုရင် မရွှေရည်ဖြိုးရဲ့ မြန်မာမုန့်ဆိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်အောင်ပြုလုပ်ထားတဲ့ မြန်မာမုန့်အမျိုးအစား ၃၀ လောက်ကိုလည်း ဆိုင်တင်ရောင်းချနိုင်နေပြီဖြစ်ပါတယ်။

အလှူအတန်းတွေ လုပ်ကြတာများတယ်။ မြန်မာတွေကလေ။ အဲအချိန်မှာ အချိုပွဲအော်ဒါမှာကြတာ များတယ်။ အဲဒီအချိန်မှာ ပင်ရင်းဆိုင်ကို လိုက်ရှာတာပေါ့။ တင့်တင့်ပင်ရင်းဆိုင် ဘယ်နားမှာ မှာလို့ရမလဲ ဘယ်ကိုလိုက်ရှာရမလဲဆိုတဲ့ အချိန်မှာ အစ်မကနေ ပင်ရင်းဆိုင်လည်း ဖွင့််ဖို့ကို အဲမှာ အိုင်ဒီယာလေးတစ်ခု ရခဲ့တယ်။ စစဖွင့်ဖွင့်ချင်းကတော့ အတော်အခက်အခဲဖြစ်တာပေါ့။ မြန်မာမုန့်ရဲ့ ဈေးအနေထားနဲ့ ကိုယ်ကုန်တဲ့ ကုန်ကျစရိတ်က ကာမိပါ့မလားဆိုတဲ့ ဟာမျိုးလေး ဖြစ်တယ်။ ကိုယ်က တကယ့်တကယ်ကတော့ ဆိုင်စဖွင့်ဖွင့်ချင်း ဘယ်လောက်မှတော့ မကြာဘူး ဒီဖေ့ဘုတ်က အကျိုးကျေးဇူးနဲ့ မြန်မာမုန့်ကို အကုန်သီးသန့်ရနိုင်တယ်ဆိုတဲ့ ဟာနဲ့ သိသွားကြပြီးတော့ အခုအနေထားကျတော့ တော်တော်လေး လူသိလာပြီးတော့ ဒီမြန်မာမုန့်ကို ဒီမှာတော်တော်များများလာစားတာ တွေ့ရပါတယ်ရှင့်။

မိခင်ရဲ့ အမည် ဒေါ်တင့်တင့်ကို အစွဲပြုပြီး တင့်တင့်မြန်မာမုန့်မျိုးစုံ ဆိုင်ရယ်လို့ အမည်ပေးထားတဲ့ ဒီဆိုင်လေးမှာ အခုဆိုရင် ဝန်ထမ်း ၈ယောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကိုလည်း မရွှေရည်ဖြိုးက ဆက်ပြီး ရှင်းပြပါတယ်။

အဓိက အစ်မ မုန့်က ကျန်းမာရေး အတွက်လည်း ရည်ရွယ်ထားတယ်။ မြန်မာမုန့်ကို အဓိက ဘာလဲဆိုတော့ ဒီဆေးသကြား၊ ဆိုးဆေး၊ တာရှည်ခံဆေးတွေ ဘာမှ မသုံးဘဲနဲ့ လုပ်ထားတယ်ပေါ့။ ဒီလို ကျန်းမာရေး ရှုထောင့်ကို ယူထားတယ်။ ယူထားတဲ့အတွက်ကြောင့်မို့လို့ လာစားတဲ့သူတွေကလည်း အရသာကို ကြိုက်ကြတယ်။ အဲတော့ ဈေးနှုန်း ပြဿနာလေးတော့ နည်းနည်းတော့ ရှိတာပေါ့နော်။

လက်ရှိမှာတော့ မုန့်ပြုလုပ်တဲ့အပိုင်းကို မိခင်ဖြစ်သူ ဒေါ်တင့်တင့်က တာဝန်ယူပြီး မုန့်တွေရဲ့ အရည်အသွေးနဲ့ သန့်ရှင်းသန့်ရပ်မှုအပိုင်း ဆိုင်ကို စီမံအုပ်ချုပ်မှုအပိုင်းနဲ့ ဝန်ဆောင်မှု အပိုင်းတွေကိုတော့ သူမက တာဝန်ယူလျက်ရှိပါတယ်။

မုန့်လုပ်တဲ့ တာဝန်ယူတဲ့ အပိုင်းမှာတော့ ပထမက အမေက မုန့်လုပ်တယ်။ အစ်မက ရောင်းတဲ့ ဘက်မှာပဲ သွားတယ်ပေါ့နော်။ အဲနောက်ပိုင်းမှာ ဆိုင်ခွဲတွေလည်း များလာတယ်။ ဆိုင်ခွဲတွေကလည်း ရှိလာတယ်။ နောက်တစ်ခုက ပင်ရင်းဆိုင်မှာလည်း မုန့်အစုံခင်းလာတဲ့ အချိန်မှာတော့ အစ်မတို့က အမေတစ်ယောက်တည်း မရတော့ဘူး။ ဝန်ထမ်းတွေ ခန့်ထားတယ်။ အစ်မကိုယ်တိုင်ကိုယ်က ဒီ သင်တန်းတက်လိုက်ရတယ်ပေါ့။ အစ်မကိုယ်တိုင်ကလည်း အမေလုပ်တတ်သလို ပုံမှန် လုပ်တယ်။ လုပ်ရာကနေ သင်တန်းတက်တယ်။ သင်တန်းတက်ပြီးတော့ Creation  လုပ်ထားတဲ့ မုန့်လေးတွေလည်း ရှိတယ်ပေါ့။ အခုပင်ရင်းဆိုင်ဖွင့်တဲ့ အနေထားမှာ အစ်မ စီမံအုပ်ချုပ်တဲ့ အပိုင်းကိုပဲ သွားပြီးတော့ မုန့်လုပ်တဲ့ အပိုင်းမှာ အမေကနေ ဦးစီးပေးပြီးတော့ ဝန်ထမ်း (၈)ယောက်နဲ့ အစ်မတို့ Run နေပါတယ်။

ဒါပေမယ့် တစ်ခါတလေ ဝန်ထမ်းတွေ ခွင့်ယူသွားတဲ့ အချိန်မျိုးမှာတော့ သူမကိုယ်တိုင်ပဲ စားပွဲထိုး သူမကိုယ်တိုင်ပဲ အော်ဒါလက်ခံသူ တစ်ခါတရံလည်း သူမကိုယ်တိုင်ပဲ သန့်ရှင်းရေးကအစ ဆောင်ရွက်ပြီး မြန်မာမုန့်လေးတွေကို ရောင်းချပေးနေပါတယ်။ ဒါအပြင် လက်ဘက်ရည်ဆိုင်မှာ ရှိတဲ့ ဆိုင်ခွဲလေးတွေကို သွားရောက် စီမံကွပ်ကဲရတဲ့ အချိန်မှာလည်း သူမရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ပါဝင်နေပါတယ်။ ဒီလို အလုပ်အတွေ့အကြုံတချို့ကိုလည်း မရွှေရည်ဖြိုးက ရှင်းပြပါတယ်။

ဒီလက်ဘက်ရည်ဆိုင်တွေမှာစပြီး ရောင်းတဲ့ အချိန်မှာလည်း အစ်မကတော့ကိုယ်ကိုယ်တိုင် အရင်ရောင်းတာ။ ရောင်းပြီးတော့မှ ဝန်ထမ်းနဲ့ လွဲတယ်။ ဝန်ထမ်းကို သင်တယ်။ မုန့်ထုတ်ပိုးပုံကအစ ဝန်ဆောင်မှုကအစပေါ့နော်။ သင်ပေးပြီးတော့မှ တစ်ယောက်ချင်းလွှဲလွှဲပြီးတော့ ထားခဲ့တယ်ပေါ့နော်။ လက်ဘက်ရည်ဆိုင်မှာဆိုရင်လည်း Customer  တွေရဲ့ feedback  ကိုကြားခဲ့ရတယ်။ လာကြတဲ့ အထဲမှာ အဘိုးအဘွားတွေလည်း ပါတယ်။ ကလေးလေးတွေလည်း ပါတယ်။ တစ်ချို့ဆိုရင် အင်္ဂလိပ်ကျောင်းက ကလေးတွေပါ မိဘတွေက ခေါ်လာပြီးတော့ ဒါ ဗမာမုန့်တွေဟာ ဒီမုန့်တွေ အမျိုးအစားတွေ ဒီနာမည်တွေဆိုတာ တကူးတက တစ်သီးတစ်သန့် လာပြတယ်။ လာဝယ်စားတယ်။ စားဖူးအောင် ကျွေးတဲ့ မိဘတွေလည်း ပါလာတယ်ပေါ့။ အဲဒီအတိုင်းတာလေးတွေ feedback လေးတွေ ရတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်လုပ်ရကျိုးနပ်တယ်ပေါ့။

ငယ်စဉ်ကတည်းက အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ မရွှေရည်ဖြိုးဟာ ဆယ်တန်းအောင် ပြီးချိန်ကတည်းက save and  marketing အပိုင်းမှာ အလုပ်စတင်ဝင်ခဲ့ပြီး အဝေးသင်နဲ့ စီးပွားရေး ဘွဲ့ကို အရယူခဲ့သူပါ။ အလှကုန် ကုမ္ပဏီများမှာ save promontory ဘဝကနေ brand manager ဘဝကို တစ်ဆင့်ပြီး တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း သူမဟာ မိမိငယ်စဉ်ဘဝကတည်းက တောင့်တခဲ့တဲ့ လုပ်ငန်းရှင်ဘဝကိုရောက်အောင် ကျိုးစားဖို့ကိုတော့ မေ့လျော့မနေခဲ့ပါဘူး။

အဓိက လုပ်ငန်းရှင် ဖြစ်ချင်တာပေါ့။ ငယ်ငယ်ကတည်းက ရည်ရွယ်ချက်က အဲဒီရည်ရွယ်ချက်က အခု ဒီကြီးလာတဲ့အပိုင်းမှာကြတော့ ငယ်ငယ်တုန်းက စိတ်ကူးက စူပါမားကက် ပိုင်ရှင်တို့ အဲလိုပုံစံမျိုး ရှိတယ်။ ဒါပေမယ့် အစ်မမှာ background အနေနဲ့ကြတော့ အစ်မက ကိုယ့်ထူးကိုယ်ချွန်ပြီးတော့ ဒီဘဝ ရပ်တည်လာတာပေါ့။ ရပ်တည်လာတဲ့ အပိုင်းမှာလည်း ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ ကုမ္ပဏီအလုပ်ကို ဝင်လုပ်တယ်။ ကုမ္ပဏီအလုပ်မှာလည်း save and  marketing ပိုင်းကို ယူခဲ့တာပေါ့နော်။ အစ်မက save promontory ဘဝကနေ brand manager ဘဝကို အဆင့်ဆင့် တက်ခဲ့တယ်ပေါ့နော်။ တက်ခဲ့ပြီးတော့ အဲဒီမှာ အတွေ့အကြုံက အများကြီးပိုရခဲ့တယ်။ ဘာအတွေ့အကြုံလဲဆိုတော့ အခုနက save and  marketing အဲအတွေ့အကြုံတွေကတော့   တော်တော်များတယ်။ နောက် management အပိုင်းပေါ့။ အဲဒီအပိုင်းတွေက အစ်မက သင်တန်းတက်စရာ မလိုဘဲနဲ့ကိုယ် စာတွေ့မဟုတ်ဘူး လက်တွေ့ရခဲ့တာပေါ့။ အဲလက်တွေ့ရခဲ့တာကို ကိုယ်က Product   တစ်ခုအနေနဲ့ ဘာလုပ်မလဲ စဉ်းစားတာပေါ့။ ဘာလို့လဲဆိုတော့ ဒီအတွေ့အကြုံကို Product  နဲ့ ပေါင်းလိုက်တယ်ဆိုလို့ ရှိရင်တော့ ကိုယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ပေါ့။

နောက်တစ်ခုက အစ်မတို့မှာက အရင်းအနှီး ဒါလုပ်ငန်းရှင်ဖြစ်မယ်ဆိုတာလည်း ပုံမှန်ဆို အရင်းအနှီးလိုတယ်လေ။ အရင်းအနှီးလိုတဲ့ အတိုင်းအတာမှာလဲ အစ်မတို့ အတိုင်းအတာက ကုမ္ပဏီလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုဆိုတာ လက်ထဲမှာ မရှိဘူး။ အဲအတွက်ကြောင့်မို့လို့ လုပ်ငန်းသေးသေးလေးကို ဘာလုပ်ရင်ကောင်းမလဲလို့ သေးသေးလေးကနေစရမယ်ပေါ့။ ကိုယ့်လက်ရှိမှာ ဆိုလို့ရှိရင် လက်ရှိဝင်ငွေနဲ့ဆို ဘာလုပ်ရင်ကောင်းမလဲဆိုတော့ စားသောက်ကုန်လုပ်ဖို့ ရည်ရွယ်လိုက်တာ။ အဲရည်ရွယ်ချက်ထဲမှာမှ ကိုယ့်ကျွမ်းကျင်တဲ့ အလုပ်ပေါ့။ ကိုယ်ငယ်ငယ်ကတည်းက ကျွမ်းကျင်ခဲ့တဲ့ အလုပ်ကိုလည်း ပြန်စဉ်းစားတယ်။ ကျွမ်းကျင်လိုက်တဲ့ အလုပ်ကလည်း အမေနဲ့ တရင်းတနှီးကိုယ်လုပ်ခဲ့တာဟာ ဒီမြန်မာမုန့်တွေ ဖြစ်ခဲ့တယ်။ အဲတွက်ကြောင့်မို့လို့ ဒီအလုပ်ကို ရွေးချယ်ရင်းနဲ့ မြန်မာမုန့်ကို လုပ်ခဲ့တယ်။

အမျိုးသမီးငယ်လေးတွေနဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သူမပြောပြတဲ့ အကြောင်းအရာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကုမ္ပဏီအလုပ်ကထွက်ပြီးနောက်ပိုင်း အခြေအနေကိုလည်း သူက နိဂုံးချုပ်အနေနဲ့ အခုလို ရှင်းပြပါတယ်။

ဘာလုပ်ရမလဲ မသိဘူး။ ကုမ္ပဏီလုပ်ငန်းလုပ်မယ်ဆိုတော့လည်း ကွန်ပျုတာ မတတ်လို့ speaking  မတတ်လို့ ဆယ်တန်းမအောင်လို့ ဆိုပြီးတော့ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ပြောရမယ်ဆိုရင် မလုပ်သင့်တဲ့ အလုပ်တွေ လုပ်နေတဲ့ ကောင်မလေးတွေလည်း ရှိတယ်ပေါ့နော်။ လမ်းပြတယ်လို့တော့ မဟုတ်ဘူးပေါ့။ ပြောရမယ်ဆိုရင် နည်းနည်းနဲ့ လုပ်လို့ရတာ အများကြီးရှိတယ်။ မိန်းကလေးတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ ပညာအရည်အချင်းနဲ့ မရဘူးဆိုလို့ရှိရင် အိမ်တွင်းမှုကျောင်းမှာဆိုရင် အစ်မ အများကြီး တွေ့ခဲ့ရတယ်။

ဒီမုန့်  သင်တန်းကိုတက်ခဲ့တာ အိမ်တွင်းမှု သင်တန်းကျောင်းမှာ တက်ခဲ့တယ်။ အိမ်တွင်းမှုသင်တန်းကျောင်း ဓမ္မစေတီ လမ်းထောင့်လေးမှာ ရှိတယ်။ သွားတက်ကြည့်ပါလို့ ပြောချင်ပါတယ်။ အဲဒီမှာ အစုံရှိပါတယ်။ အလုပ်တစ်ခုအောင်မြင်ဖို့ဆိုရင် အဓိက စိတ်ပဲလိုတယ်ပေါ့နော်။ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ရယ်။ တိုးတက်ချင်တဲ့ စိတ်ရယ်။ နောက်တစ်ခုက ရည်ရွယ်ချက်ကောင်းကောင်းရယ် အဲတာပဲ လိုပါတယ်လို့။

Mizzima Weekly