“ တစ်ပတ်ရှေ့တိုး၊ တစ်ပတ် အကျိုးရှိလေ”

“ တစ်ပတ်ရှေ့တိုး၊ တစ်ပတ် အကျိုးရှိလေ”
ဓာတ်ပုံ-သက်ကို

အခုရက်ပိုင်း အားလုံးစိတ်ဝင်စားခဲ့ကြတဲ့ သတင်းတစ်ပုဒ်ကတော့ ပြည်ထောင်စု လွှတ်တော် မှာ သမ္မတ၊ ဒုသမ္မတတွေ ရွေးချယ်မယ့် လုပ်ငန်းကို နဂို မတ်လ ၁၇ ရက်နေ့မှာမှ လုပ်မယ်လို့ ကြေငြာ ထားပေမယ့် အခု မတ်လ ၁၀ ရက်န့မှာ လုပ်မယ်ဆိုပြီး ပြောင်းလဲ ကြေငြာလိုက်ပါပြီ။ ဘာကြောင့် အင်န်အယ်လ်ဒီဘက်က ခုလို ရှေ့တိုးကြေငြာလိုက်ရတာလဲ၊ ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ခုလို ကြေငြာတဲ့နေ့ဟာ မတ်လ ၁ ရက်နေ့ ဖြစ်တာကြောင့် သမ္မတရွေးချယ်ပွဲ မလုပ်ခင် ၉ ရက်အလိုမှာ ကြေငြာတာ ဖြစ်ပါတယ်။ ကြားထဲမှာ ရုံးဖွင့်ရက် (၆) ရက်ရှိပါတယ်။ သေခြာတာကတော့ နဂိုက သတင်းထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး လွှတ်တော်တွင်းမှာ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး လုပ်ငန်းစဉ်ကို ဒီ ရက်ပိုင်းလောက်မှာ လုပ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာပါပဲ။ တနည်းပြော ရရင် အင်န်အယ်လ်ဒီဟာ သမ္မတ ရွေးချယ်ပွဲ မတိုင်ခင် ဒေါ်စုသမ္မတဖြစ်ရေး ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး လုပ်ငန်းစဉ်ကို မလုပ်တော့ဘူးဆိုတဲ့ သဘောပါ။ ဒါဆိုရင် အစိုးရတာဝန် လွဲှပြောင်းရယူရေး လုပ်ငန်း စဉ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ချောချောမွေ့မွေ့ ဖြစ်လာတော့မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ အရေးအကြီးဆုံး အချက်ဖြစ်ပြီး ပြည်သူတွေအတွက် တိုင်းပြည်အတွက် အလွန် ဝမ်းသာစရာ ကောင်းတဲ့ သတင်းပါ။ ပြည်သူတွေဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း တစ်ကြိမ်မှ မမြင်ဘူးခဲ့တဲ့ အစိုးရအဖွဲ့ အပြောင်းအလဲကို မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မှာလည်း   ဖြစ်ပါတယ်။

စိတ်မကောင်းစရာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို အစိုးရသစ် မပေါ်ပေါက်ခင် မကြိုးစားနိုင်တော့တဲ့အတွက် သူ့ကို သမ္မတ အဖြစ် မြင်လိုလှတဲ့ တိုင်းသူပြည်သား သန်းပေါင်းများစွာကတော့ ဝမ်းနည်းကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ဘူး ဆိုရင်တော့ လုံး၀ မှားယွင်းတဲ့ အမြင်ပဲ ဖြစ်ပါလိမ့် မယ်။ လက်ရှိ လွှတ်တော်၊ သမ္မတ၊ အစိုးရ သက်တန်းဟာ (၅) နှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေးရဲ့ ပထမအဆင့်လို့ ခေါ်နိုင်တဲ့ ဒီအစိုးရအဖွဲ့ အပြောင်းအလဲပြီးနောက်ပိုင်း အင်န်အယ် လ်ဒီ ဦးဆောင်တဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ လုပ်ငန်းကိုင်ငန်း လုပ်ကိုင်ဆောင်ရွက်တာ အခြေခိုင်စ ပြုလာပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပြန်ပြီး ကြိုးစားနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည် တည်ငြိမ်ရေး မထိပါးတဲ့ အခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြိုးစားနိုင်ပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တာဝန် မယူနိုင်အောင် အရင် စစ်အာဏာရှင်တွေက ပြဌာန်းသွားတာ ဖြစ်ခြင်း၊ လက်ရှိ ဒီ ဥပဒေ ပြင်ဆင်ရေး လုပ်မယ် ဆိုရင် တပ်မတော်ဘက်က သဘောတူဖို့ လိုခြင်း၊ စတဲ့ အခြေအနေကြောင့် တပ်မတော် စစ်ခေါင်းဆောင်တွေ နားလည်လက်ခံလာအောင် စည်းရုံးဖို့ပဲ ဖြစ်ပါတယ်။ အသွင်ကူး ပြောင်းရေး ပထမ အဆင့် အကောင်အထည် ဖော်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် အခြေအနေတွေ ဟာ ဒီ ပုဒ်မ ၅၉(စ) ကို ပြုပြင်ဖို့၊ တပ်မတော် စစ်ခေါင်းဆောင်တွေ နားလည် လက်ခံလာအောင် ကြိုးစားလို့ အကောင်းဆုံး အခြေအနေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်က တပ်မတော် စစ်ခေါင်းဆောင်တွေကို ဘယ်လောက် စည်းရုံး ဆွဲဆောင်နိုင်မလဲဆိုတဲ့ အခြေအနေအပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် စောစော သမ္မတ ဖြစ်မလား၊ အချိန်နောက်ကျမလား အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ အခု သက်တန်း ၅ နှစ်အ တွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကို ဖြစ်လာရပါမယ်။

သမ္မတ ရွေးချယ်ပွဲကို ရှေ့တစ်ပတ် တိုးလိုက်ခြင်းအားဖြင့် သမ္မတ၊ ဒုသမ္မတတွေနဲ့ အစိုးရ အဖွဲ့ဝင် စာရင်း တစ်ပတ်ရှေ့တိုးပြီး ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒီအခါ လက်ရှိအစိုးရနဲ့ အင်န်အ ယ်လ်ဒီ ခေါင်းဆောင်တွေ လုပ်ကိုင်နေတဲ့ အစိုးရတာဝန် လွဲှယူရေး လုပ်ငန်းစဉ် ပိုပြီး အဆင်ပြေ ချောမွေ့လာနိုင်ပါတယ်။ ပေါ်ပေါက်လာမယ့် သမ္မတ က ခန့်အပ်မယ့် ဝန်ကြီးလောင်းတွေ၊ ဒုဝန်ကြီး လောင်းတွေရဲ့ စာရင်း ပေါ်ထွက်လာပြီဆိုတာနဲ့ အဲဒီ ဝန်ကြီးလောင်း၊ ဒုဝန်ကြီးလောင်းတွေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဝန်ကြီး၊ ဒုဝန်ကြီးတွေ တွေ့ဆုံ၊ တာဝန်လွဲှပြောင်းရေးကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လက်ခံမယ့် လူတွေဘက်ကလည်း မသိတာ မရှင်းတာ မေးမြန်းစုံစမ်းနိုင်ခဲ့ရင်၊ လွဲှပြောင်းပေးမယ့် သူတွေဘက်ကလည်း အစဉ်အလာကောင်း ဖြစ်အောင် ကောင်းကောင်းမွန်မွန် ရှင်းပြနိုင်ခဲ့ရင် ဖေဖေါ်ဝါရီ ၂၅-၂၆ လွှတ်တော်တွင်း ဒေါ်ခင်စန်း လှိုင် အဆိုတင်ခဲ့တဲ့ ပြဿနာကြီးမျိုး ပေါ်ပေါက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ ဘက်ကနေ ခုလို သမ္မတ၊ ဒုသမ္မတ ရွေးချယ်တင်မြှောက်ပွဲတွေ လုပ်မယ့်ကိစ္စ နဂိုကထက် တစ်ပတ်စောပြီး လုပ်မယ်လို့ ကြေငြာလိုက်ခြင်းဟာ သမိုင်းဝင် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့် ချောချောမွေ့မွေ့ ဖြစ်စေရေးအတွက် အခြေအနေကောင်း ကိုသာ ဆောင်ကျဉ်းလာမှာ  ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly