ကမ္ဘာ့ဘဏ်က ကဏ္ဍ ၆ ခုတွင် မူဝါဒပိုင်ဆိုင်ရာ အကြံပြု

ကမ္ဘာ့ဘဏ်က ကဏ္ဍ ၆ ခုတွင် မူဝါဒပိုင်ဆိုင်ရာ အကြံပြု
ဧရာဝတီတိုင်း ဒါးကတိုက်နယ်ရှိ မိုးစပါး စိုက်ပျိုးရန်အတွက် စပါးမျိုးစေ့များ ထမ်းနေသည့်လယ်သမားအား ဇူလိုုင်လ ၁၅ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံု - ငြိမ်သစ်ညီ

ရန်ကုန်၊မတ် ၁ ။            ။ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပြင် လူမှုအသိုင်းအဝိုင်းအားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုများနဲ့ မျှဝေပိုင်ဆိုင်တဲ့ သာယာဝပြောမှုကို မြှင့်တင်နိုင်မယ့် မူဝါဒရေးရာအကြံပြုစာတမ်းကို ကမ္ဘာ့ဘဏ်ကအရေးတကြီးဖော်ပြ လိုက်ပါတယ်။ ဒီမူဝါဒရေးရာအကြံပြုချက်ကို ကဏ္ဍ (၆)ခုအပေါ်မှာ အဓိကအာရုံစိုက်ထားတာကိုတွေ့ရပါတယ်။

ဒီကဏ္ဍ(၆)ခုအနေနဲ့ ပညာရေး၊ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစတဲ့ လူမှုဝန်ဆောင်မှုများရရှိနိုင်ရေး၊ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေး၊ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးနဲ့ ယှဉ်ပြိုင်မှုရှိစေရေး၊ လူတိုင်းလက် လှမ်းမီ နိုင်တဲ့ ဘဏ္ဍာရေးစနစ်ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အားတိုးမြင့်ရရှိရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍစွမ်းရည်မြှင့်တင်ရေးတို့ဖြစ်ပါ တယ်။

ဒီမူဝါဒရေးရာအကြံပြုချက်တွေကို ကမ္ဘာ့ဘဏ်အနေနဲ့ လက်ရှိအစိုးရနဲ့ ဆွေးနွေးထား ပြီးဖြစ်တဲ့အပြင် ဖေဖော်ဝါရီလထဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိများနဲ့လည်းတွေ့ဆုံ အကြံပြုထားတာပါ။

ကမ္ဘာ့ဘဏ်ကအကြံပြုလာတဲ့ ကဏ္ဍ(၆)ခုဟာတစ်ခုနဲ့ တစ်ခုချိတ်ဆက်နေပြီးအရေးတကြီးဦးစားပေး ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ကပြောဆိုထားပါတယ်။

"ငွေကြေးအခွင့်အလမ်းရရှိဖို့က ပြည်သူတွေစိုးရိမ်ပူပန်မှုရဲ့ ထိပ်ဆုံးမှာရှိနေပြီးစွမ်းအင်ကဏ္ဍကလည်းအရေးကြီးနေပါတယ်၊ ဒါတွေတင်မဟုတ်သေးပါဘူး၊ ပညာသင်ယူရေးအတွက် အခွင့်အလမ်းတွေကို လည်းသူတို့လိုချင်နေကြပါတယ်။ ဒါတွေဟာအပြန်အလှန်ချိတ်ဆက်နေပါတယ်။ တစ်ခုတည်းကိုပဲဦးတည်လို့မရပါဘူး။" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာပြည်ဆိုင်ရာဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေဆပ် ကပြောပါတယ်။

ကမ္ဘာ့ဘဏ်ကအကြံပြုထားတဲ့ မူဝါဒပိုင်းဆိုင်ရာ အခန်းကဏ္ဍ (၆)ခုဟာအထူးအဆန်းဖြစ်နေတာမဟုတ်ပဲသူတို့အနေနဲ့ အစောပိုင်းအချိန်တွေကတည်းကနေအစိုးရနဲ့ ထိတွေ့ လုပ်ကိုင်နေတာလည်းဖြစ် တယ်လို့ ပြောဆိုထားပါတယ်။ ပြီးတော့လည်း ဒီမူဝါဒတွေကို အကြံပြုထားတာဟာနောင်လာမယ့် အုပ်ချုပ်ရေးအပိုင်းက မူဝါဒချမှတ်သူတွေကိုဒီအပေါ်မှာ ဆက်ပြီးသိရှိအောင်ဖြစ်တယ်လို့ လေ့လာဆန်း စစ်နိုင်အောင်ဖြစ်တယ်လို့ သိရပါတယ်။

"လာမယ့်အစိုးရနဲ့လည်းဒါကိုဆက်ပြီးဆွေးနွေးသွားမယ်လို့ထင်တယ်၊ အစိုးရသစ်မှာလည်း ကိုယ်ပိုင်နည်းဗျူဟာ တွေရှိမှာဖြစ်သလိုဖွံ့ဖြိုးမှု အတွက် ဦးစားပေးလုပ်ငန်းစဉ်တွေလည်းရှိမှာပဲ ကျွန်တော်တို့ကတော့ လုပ်ငန်းစဉ်မှန် သမျှကို လက်တွဲလုပ်ဆောင်သွားမှာပါ။"ဟု ကမ္ဘာဘဏ်၏ ဒေသဆိုင်ရာအကြီးတန်းစီးပွားရေးပညာရှင် ဟာဘီရဘ် ကဆိုပါတယ်။
 
ကမ္ဘာ့ဘဏ်၏ မြန်မာပြည်ဆိုင်ရာဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေဆပ် က" မူဝါဒအသစ်တွေ ချမှတ်တဲ့အခါ ပြည်သူတွေ ကိုပြောပြရမယ်၊ သူတို့ကိုအသိပေးရမယ်၊ သူတို့ဆီကစကားသံတွေကို ပြန်လည်နားထောင်ရမှာဖြစ်တယ်၊ ပြည်သူတွေ ဘက်ကလည်း ဒီမူဝါဒအကြမ်းထည်ကို ပြန်လည်ပြင်ဆင်ဖို့လိုမယ်၊ ဒီဟာကို ကျွန်တော်တို့ နားမလည်ဘူး။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါကစိုက်ပျိုးရေးကဏ္ဍအတွက်မထိရောက် ဘူးဆိုတာမျိုးကိုပြောလာပါလိမ့်မယ်။ သူုတို့တွေ လက်ခံနိုင်လောက်မယ့် အကြောင်းအရာတွေကို အစိုးရကနားထောင်ရမှာဖြစ်တယ်။"ဟု ဆိုထားပါတယ်။

လာမယ့် ၅ နှစ်ထဲတွင် မြန်မာနိုင်ငံဟာတစ်နှစ်ကို ၈ ရာခိုင်နှုန်းဝန်းကျင်အထိ အလျင် အမြန်နဲ့ကိုစီးပွားရေးတိုးတက်ဖို့ အလားအလာတွေရှိနေတယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ မူဝါဒတွေကို မှန်ကန်အောင် ရွေးချယ်ချမှတ်ဆောင်ရွက်နိုင်မယ် ဆိုရင် တိုးတက်လျက်ရှိနေတဲ့ စီးပွားရေးအခြေအနေ မြန်မာပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းပိုမိုဖန်တီးပေးနိုင်မှာဖြစ်သလို ဝင်ငွေတိုးတက်စေနိုင်မယ်လို့ ကမ္ဘာ့ဘဏ် က ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly