ဂြိုဟ်တုပုံရိပ်ဖော်နည်းပညာကို ခိုးယူကာ တရုတ်ကိုရောင်းစားသူ လေးဦးကို တရားစွဲ

ဂြိုဟ်တုပုံရိပ်ဖော်နည်းပညာကို ခိုးယူကာ တရုတ်ကိုရောင်းစားသူ လေးဦးကို တရားစွဲ

အော့တဝါ၊ မတ် ၁ ။                 ။ အတိမ်းအစောင်းမခံသည့် ဂြိုဟ်တုပုံရိပ်ဖော်နည်းပညာကို ခိုးယူကာ တရုတ်ကို ရောင်းစားခဲ့သူ လေးဦးကို ပို့ကုန်ဥပဒေချိုးဖောက်မှုဖြင့် ကနေဒါရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၉ တွင် တရားစွဲဆိုခဲ့သည်။ ၎င်းတို့လေးဦးမှာ အမေရိကန်တစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် ကနေဒါနှစ်ဦးတို့ဖြစ်သည်။

၎င်းတို့အနက်နှစ်ဦးမှာ ဝန်ထမ်းဟောင်းတစ်ဦးထံမှ အကူအညီဖြင့် အွန်တာရီယိုပြည်နယ် ဝါတာလူးရှိ ၎င်းတို့၏ အလုပ်ရှင် Teledyne Dalsa ထံမှ အာရုံခံကိရိယာကို ခိုးယူခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြော သည်။

ထို့နောက် ၎င်းတို့သည် ယင်းကိရိယာကို တရုတ်ကုမ္ပဏီနှစ်ခုသို့ရောင်းစားခဲ့ကြပြီး တစ်ခုမှ တရုတ်နိုင်ငံပိုင်ဖြစ်သည်ဟု သိရသည်။ ယင်းသို့ရောင်းချသည့်အတွက် ကနေဒါ၏ ထိန်းချုပ်ထားသော ကုန်ပစ္စည်းများ အစီအစဉ်အပါအဝင် အခြားဥပဒေများကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

စတုတ္ထမြောက်စွပ်စွဲခံရသူမှာ တရုတ်ကုမ္ပဏီတစ်ခုတွင့်အလုပ်လုပ်နေသူဖြစ်ပြီး တရားမဝင်ရောင်းချမှုတွင် ပါဝင်ခဲ့သည်။ ရောင်းစားခံရသည့် မိုက္ကရိုအီလက်ထရောနစ် ပစ္စည်းမျိုးမှာ အာကာသဂြိုဟ်တုတွင် အသုံးပြုရန် ရည်ရွယ်သည်ဟု ဆိုသည်။

"ဒီစုံစမ်းစစ်ဆေးမှုက နိုင်ငံခြားအစိုးရတွေဟာ ကနေဒါအခြေစိုက် ထိန်းချုပ်ထားတဲ့ နည်းပညာတွေကို စိတ်ဝင်စားမှုရှိတယ်ဆိုတာ သာဓကတစ်ခုပါ။ ပြီးတော့ ဒီနည်းပညာကို တစ်လွဲအသုံးချနိုင်တဲ့ အန္တရာယ်ကနေ ကင်းရှင်းအောင်ပြုလုပ်ရေးက ကနေဒါ တော်ဝင်မြင်းစီးရဲတပ်ဖွဲ့ရဲ့ တာဝန်ကိုလည်း မီးမောင်းထိုးပြနေပါတယ်"ဟု ယင်းတပ်ဖွဲ့၏ ရဲမှူးကြီး ဂျေမီဂျာဂိုက ပြောသည်။

နှစ်နှစ်ကြာစုံစမ်းစစ်ဆေးမှုတွင် ကနေဒါအာကာသအေဂျင်စီ၊ စစ်တပ်၊ အမေရိကန်ပြည်တွင်းလုံခြုံရေးဋ္ဌာနနှင့် အက်ဖ်ဘီအိုင်တို့ပါဝင်ခဲ့သည်။ ကနေဒါနိုင်ငံသားများဖြစ်သော အသက် ၄၆နှစ်အရွယ် အားသာရှင်ပန်နှင့် အသက် ၅၉နှစ်အရွယ် ပင်ချောက်လီတို့ကို ဆက်နွယ်ပြစ်မှု တစ်ဒါဇင်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲခဲ့သည်။

ထို့အပြင် အသက် ၆၂နှစ်အရွယ် ဗြိတိန်နိုင်ငံသား နစ်တတ်စကာနှင့် လောလောဆယ် တရုတ်တွင် ရောက်ရှိနေသော ကယ်လီဖိုးနီးယားပြည်နယ်မှ ဟူချောက်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly