မွတ်စလင်များအပြစ်လုပ်ခြင်းမှ ကာကွယ်နိုင်ရန် မွတ်စလင်မဟုတ်သူများလည်း လုံခြံုစွာဝတ်ဆင်သင့်ဟု မလေးရှား ဘာသာရေးခေါင်းဆောင် တစ်ဦးပြောကြား

မွတ်စလင်များအပြစ်လုပ်ခြင်းမှ ကာကွယ်နိုင်ရန် မွတ်စလင်မဟုတ်သူများလည်း လုံခြံုစွာဝတ်ဆင်သင့်ဟု မလေးရှား ဘာသာရေးခေါင်းဆောင် တစ်ဦးပြောကြား

ကွာလာလမ်ပူ၊ ဇွန်၂၉ ။        ။ ခြေထောက်အောက်ပိုင်းဖုံးမထားသော ဝတ်စားဆင်ယင်မှုကြောင့် အများပြည်သူဆိုင်ရာ အဆောက်အဦများသို့ ဝင်ခွင့်မရသော လူများ၏ အမှုကိစ္စအချို့နှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပေါ်စဉ် မသင့်လျော်စွာ ဝတ်စားဆင်ယင်သူများကိုမြင်ရာမှ မွတ်စလင်များကို အပြစ်(အကုသိုလ်)ဖြစ်စေသဖြင့် မွတ်စလင်မဟုတ်သူများအနေဖြင့် အများပြည်သူဆိုင်ရာနေရာများတွင် သင့်လျော်စွာဝတ်စားဆင်ယင်ကြရန် မလေးရှားဘာသာရေးခေါင်းဆောင်တစ်ဦးက ပြော ကြားလိုက်သည်။

"ကျွန်တော်တို့က သင့်လျော်စွာဝတ်ဆင်ထားရင်တောင် သင့််လျော်စွာဝတ်မထားတဲ့သူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျွန်တော်တို့မြင်ရင် ဒါဟာ တားမြစ်မှုကိုဖောက်ဖျက်ရာရောက်ပါတယ်"ဟု ပေရတ်မတ်ဖ်တီ ဟာရူဆာနီဇာကာရီးယားက မလေးမေးလ်အွန်လိုင်းသို့ ဇွန် ၂၇ တွင်ပြောကြားခဲ့သည်။

"သူတို့ဟာ မွတ်စလင်တွေအတွက် လေးစားမှုပြသင့်ပါတယ်။သူတို့ရဲ့ပေါင်တွေကို ပြနေလို့မဖြစ်ပါဘူး။ သူတို့ကြိုက်လို့ဝတ်တာ သူတို့အတွက်တော့ မမှားပါဘူး။ ဒါပေမဲ့ စာနာရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က သူတို့ကို အများပြည်သူ ဆိုင်ရာနေရာမှာ တိုးမိမြင်မိရင် ဒါကို ကျွန်တော်တို့အတွက် တားမြစ်ထားတယ်လို့ယူဆရမယ်"ဟု ၎င်းကဆက်လက်ပြောကြား ခဲ့သည်။

ရာမာဒန်မွတ်စလင်ဥပုသ်လအတွင်း မွတ်စလင်မဟုတ်သော ကျောင်းသားများအနေဖြင့် မွတ်စလင်ကျောင်းသား များရှေ့တွင် စားသောက်ခြင်းမပြုကြရန် မလေးရှားဒု-ပညာရေးဝန်ကြီး မာရီယပ်၏ ပြောကြားချက်ကို Malaysiakini သတင်းဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

ဇွန် ၂၇က ရှေ့နေတစ်ဦးဖြစ်သူ ကေတီချန်သည် ဒူးပေါ်စကပ်ဝတ်ဆင်ထားသဖြင့် ကွာလာလမ်ပူရှိ မြေတိုင်းနှင့် မြေပုံရေးဆွဲရေး ဋ္ဌာနတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ဟု ဆင်ချူးသတင်းစာတွင်ဖော်ပြထားသည်။

ဇွန်၂၅ကလည်း ဒူးပေါ်စကပ်ဝတ်ထားသော အသက် ၅၀ကျော်အမျိုးသမီးတစ်ဦးသည် ပီနန်တရားရုံးပရဝုဏ်အတွင်းသို့ မဝင်ရောက်မီ အဝတ်အစားပြောင်းရန် အပြောခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly