အလုပ်အကိုင်ပြပွဲများတွင် အသက်မွေးဝမ်းကြောင်းဘွဲရများလည်း လာရောက်လျှောက်ထား

အလုပ်အကိုင်ပြပွဲများတွင် အသက်မွေးဝမ်းကြောင်းဘွဲရများလည်း လာရောက်လျှောက်ထား
ဓာတ်ပုံ- ဖြိုးသီဟ

ရန်ကုန်၊ မတ် ၁ ။               ။ အလုပ်အကိုင်ပြပွဲများတွင် လာရောက်လျှောက်ထားသူများတွင် တက္ကသိုလ်ဘွဲရများသာမက အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘွဲ့ရထားသူများပါ လာရောက်လျှောက်ထားမှု များရှိကြောင်း သိရသည်။

တစ်နေရာထဲတွင် အလုပ်အကိုင် အခွင့်အလမ်းမျိုးစုံရှိနေသည့် အတွက် အဆင်ပြေမည်ထင်၍ အလုပ်အကိုင်ပြပွဲများတွင် လာရောက်လျှောက်ထားခြင်းဖြစ်ကြောင်း သွားဆရာဝန်ဖြစ်သည့် ဒေါက်တာ နန်းဝင်းဖြူအိ ကပြောသည်။

"ဒေါ်လာ၃၀၀ ၊၃၅၀လောက်ရေးခဲ့တယ်။ဘယ်လိုလာမယ်တော့မသိသေးဘူး။ဆေးခန်းမဖွင့်ခင် အချိန်မှာဆေးကုမ္ပဏီတခုခုမှာ ဝင်လုပ်မလို့ပါ။"ဟု၎င်းကဆိုသည်။

အလုပ်အကိုင်ရရှိရန် အလုပ်အကိုင်ပြပွဲများက တဆင့် ခေါ်ယူခန့်ထားခြင်းမျိုးများယခု ၅နှစ် အတွင်း ပိုများလာကြောင်း၊ ယင်းသို့ခေါ်ယူရာတွင် ကုမ္ပဏီ လိုအပ်ချက်နှင့် အလုပ်သမားဘက်မှ ပေးသည့် ကျွမ်းကျင်မှုမျိုး မကိုက်ညီမှုများလည်း တွေ့မြင်နေရကြောင်း သိရသည်။
 
"ကျွန်တော်တို့ ကဏ္ဍအစုံအတွက် အလုပ်ခေါ်ပါတယ်။ခေါ်ရတဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံမှာအလုပ်အကိုင်အခွင့်လမ်းနည်းပါးနေသေးတယ်။ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တဖက်တလမ်းက ဖြည့်ဆည်းပေးတဲ့အနေနဲ့ တကယ်အလုပ်လုပ်ချင်တဲ့သူကိုကျွန်တော်တို့ကရစေချင်လို့ အလုပ်ကိုင်အခွင့်လမ်းပြပွဲတိုင်းမှာ ဝင်ပြီးပြသပြီးခေါ်ယူတာဖြစ်ပါတယ်။" MyanmarC.P. Livestock ကုမ္ပဏီမှ မန်နေဂျာ ဦးအောင်ကျော်မြင့် ကပြောသည်။

အလုပ်အကိုင်ပြပွဲများတွင် ဝင်ရောက်ပြသ အလုပ်ခေါ်ဆိုသော်လည်း တစ်ခါတည်း အလုပ်ရအောင် စီစဉ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly