အယ်လ်နီညိုကြောင့် ငါးသားဖောက်လုပ်ငန်း မျိုးပွားမှု ထိခိုက်မည်ကို စိုးရိမ်နေ

အယ်လ်နီညိုကြောင့် ငါးသားဖောက်လုပ်ငန်း မျိုးပွားမှု ထိခိုက်မည်ကို စိုးရိမ်နေ
ရန်ကုန်တိုင်းအတွင်းက ငါးမွေးမြူရေးကန်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

နွေကာလဖြစ်တဲ့ မတ်လကနေ ဇွန်လကုန်အထိ မြန်မာနိုင်ငံရဲ့ အယ်(လ)နီညို ရာသီဥတုက သတိထားရမယ့် အခြေအနေပါ၊ ဒီလိုမျိုးပူပြင်းတဲ့ ရာသီဥတုက ငါးသားဖောက်တဲ့ အချိန်လည်း ဖြစ်နေ တာကြောင့် မျိုးပွားမှုကိုထိခိုက် သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာနေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း ကြိုတင်ပြင်ဆင်စရာ ရှိတာတွေကို ဆောင်ရွက်သင့်တယ်လို့ အဖွဲ့ချုပ်က အကြံပေးထားပါတယ်။

"ဒီအယ်(လ)နီညိုရာသီဥတုကို ဆရာ ဦးထွန်းလွင်ကြေညာတာ ဇွန်လအထိလို့ ပြောတဲ့အခါကြတော့ မိုးကျ နောက်ကျမယ်လို့ ပြောတယ်။ တစ်ခုက ဇွန်လအထိအောင် ပူနေဦးမယ့် အခါကြတော့ ငါးသားဖောက်တဲ့ လုပ်ငန်းတွေ၊ ပုဇွန်သားဖောက်တဲ့ လုပ်ငန်းတွေကလည်း ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် အဲဒီလတွေမှာ ဆောင်ရွက်ရတာဆိုတော့ အဲဒီ ငါးသားဖောက်ရာသီမှာပါ အခက်အခဲတွေ ဖြစ်စေနိုင် တာပေါ့နော်။ ဒီရာသီဥတုဖြစ်စဉ်ကြောင့် ငါးတွေရဲ့ မျိုးပွားမှုဖြစ်စဉ်မှာပါ ထိခိုက်နိုင်ခြေ ရှိမလားပေါ့" လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ဒါကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေ နည်းနိုင်သမျှ နည်းအောင်လို့ ကြိုတင်ပြင်ဆင်စရာ ရှိနိုင်မယ့် အပိုင်းတွေကို ပြုလုပ်နိုင်အောင် ငါးလုပ်ငန်းအဖွဲ့ချုပ်က အကြံပေးထားပါတယ်။

"ဘာပြင်ဆင်ထားသင့်လဲဆိုရင် အရေးပေါ် အပြင်ဘက်မှာ ရေသန့်အောင် ပြင်ဆင် ထားပေးပါ။ နောက်တစ်ခါ ရေစုပ်ပြီးတော့ ရေသွင်းဖို့ ကိုလည်းလုပ်ပေးထားပါ။ နောက်တစ်ခါ စောစောက ပြောထား သလိုပဲ အရိပ်ရဖို့က အပင်စိုက်ဖို့ကတော့ မမှီဘူး။ အဲတော့ ဘာလုပ်ရမလဲဆိုတော့ ဗေဒါလိုမျိုး ရေမှော်လိုမျိုးကို ထည့်ပါ။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူးပေါ့။" လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်ကလည်း ပြောပါတယ်။

ပူပြင်းတဲ့ ရာသီဥတုကြောင့် ငါးအစာစားနိုင်မှု လျှော့ကျလာနိုင်တာကြောင့် အစာကျွေးတာကို အထူးဂရုစိုက်သင့်တယ်လို့လည်း ပြောပြထားပါတယ်။ ဒီအယ်(လ)နီညိုရဲ့ သက်ရောက်မှုက ငါးမွေးမြူရေးတစ်ခုထဲမှာ တင်ဆုံးရှုံးနိုင်တာ မဟုတ်ဘဲ သဘာဝ ငါးသံယံဇာတတွေကိုလည်း ထိခိုက်ဆုံးရှုံးနိုင်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောပြထားပါတယ်။

"အယ်(လ)နီညိုရဲ့သက်ရောက်မှုက တကယ်ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ထုတ်လုပ်မှုတွေ ကျနိုင်တယ်။ အချိန်မတန်ဘဲ ငါးဖော်ရတာတို့ဘာတို့ ရောင်းပစ်ရတာတို့ ဆုံးရှုံးမှုမကြီးအောင်ပေါ့ ဆုံးရှုံးမှု မမြင့်အောင်ပေါ့ ဒါတွေဖြစ်လာနိုင်တယ်။ အဲအတွက်ကြောင့် ထုတ်လုပ်မှုက ကျသွားနိုင်တယ်" လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငါးပုဇွန်မွေးမြူရေး ကန်ပေါင်း လေးသောင်းငါးထောင်ကျော်ရှိပြီး ဒီငါးပုဇွန် မွေးမြူရေး ကန်တွေကနေ ပြည်တွင်းစားသုံးမှုသာမကဘဲ ပြည်ပဝင်ငွေကိုပါ ရှာဖွေပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တာကြောင့် ဆိုးရွားတဲ့ ဆုံးရှုံးမှုကြီး မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly