နိုင်ဂျီးရီးယားတွင် လစာယူ အလုပ်မဆင်းသည့် စာရင်းပျောက်ဝန်ထမ်း ၂၄၀၀၀ နီးပါးကို ဖယ်ရှား

နိုင်ဂျီးရီးယားတွင် လစာယူ အလုပ်မဆင်းသည့် စာရင်းပျောက်ဝန်ထမ်း ၂၄၀၀၀ နီးပါးကို ဖယ်ရှား

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၂၉ ။                 ။ နိုင်ဂျီးရီးယားတွင် လစာပေးနေရပြီး အလုပ်လာမဆင်းကြသည့် စာရင်းပျောက် အလုပ်သမား ၂၄၀၀၀ နီးပါးရှိနေကြောင်း စာရင်းစစ်ထုတ်ပြန်ချက်တစ်ရပ်အားဖြင့် ၎င်းဝန်ထမ်းများအား အစိုးရက လစာပေးစာရင်းမှ ဖယ်ရှားလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် နိုင်ဂျီးယားနိုင်ငံအနေဖြင့် လစဉ် အမေရိကန်ဒေါ်လာ ၁၁၅ သန်း အကုန်အကျ သက်သာမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အာဏာရယူခဲ့သည့် သမ္မတဘူဟာရီ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်အရ ယခုကဲ့သို့ စာရင်းစစ်ဝင်ခြင်းဖြစ်သည်။

အကျင့်ပျက်ခြစားမှုနှင့် လွဲမှားစီမံခန့်ခွဲမှုများသည် နိုင်ဂျီးရီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ကာလရှည်စိန်ခေါ်လျက်ရှိသည်။ စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်ရန်အတွက် အသုံးစရိတ် လျှော့ချသွားမည်ဟု အစိုးရက ကတိပေးထားသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် အာဖရိက၏ စီးပွားရေးအကြီးဆုံးဖြစ်ကာ ထိပ်တန်းရေနံထုတ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ရေနံဈေးကွက် ပြိုလဲခြင်းကြောင့် ဘဏ္ဍာရေးအခြေအနေ ကျပ်တည်းမှု ရင်ဆိုင်နေရသည်။

ထိုပြင် နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှု၊ ရှယ်ယာဈေးကွက်ကျဆင်းမှုနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ စီးပွားရေးဖွံ့ဖြိုးမှု လေးကန်နေခြင်းတို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly