ရေနံချောင်းတွင် ဧရာဝတီမြစ်ကမ်းပါး ဆက်တိုက်ပြိုကာ ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရ

ရေနံချောင်းတွင် ဧရာဝတီမြစ်ကမ်းပါး ဆက်တိုက်ပြိုကာ ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရ

ရေနံချောင်း၊ ဖေဖော်ဝါရီ ၂၈ ။ ။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါး များ ပြိုကျနေမှုကြောင့် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့နေကြရပြီး ယင်းကျေးရွာရှိဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က စတင်ပြီး မြစ်ကမ်းပါးပြိုင်သည့်ဒဏ်ကို ခံစားခဲ့ရပြီး ယမန်နှစ် ၂၀၁၅ ခုနှစ်ကစပြီး ပိုမိုဆိုးဝါးလာသည်ဟု ဒေသခံများက ပြောသည်။ ယမန်နှစ်က ရွာရှိ အိမ်ခြေ ထက်ဝက်နီးပါး ပြောင်းရွှေ့ခဲ့ရပြီး ယခု ဖေဖော်ဝါရီလတွင် ကမ်းပါးပြိုမှု ဆက်တိုက်ဖြစ်နေပြီး ပြောင်းရွှေ့မှုများ ရှိနေကြောင်းလည်း သိရသည်။ 

"ဘုန်းတော်ကြီးကျောင်းအပါအဝင် ကျန်တဲ့နေအိမ်တွေလည်း ရွှေ့ပြောင်းနေရတယ်။ မြစ်ကမ်းပါးကို မပြိုကျအောင် တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ဝိုင်းဝန်းထိမ်းသိမ်းပြီး လုပ်ခဲ့တာပေါ့။ အခုကတော့ မရတော့ဘူး။ တစ်ရွာလုံးပြောင်းရတော့မှာ။ အဓိက အခက်အခဲကတော့ တောင်သူတွေရဲ့စိုက်ပျိုးမြေတွေ မြစ်ထဲပါသွားတော့ စားဝတ်နေရေးအခက်အခဲနဲ့ ရွှေ့ပြောင်းစားရိတ် အခက်အခဲတွေ ရင်ဆိုင်နေရတာပဲ။ ဓလေ့ထုးံစံအရ နီးစပ်ရာရွာတွေဆီက အလှူခံပြီးရွှေ့နေရတယ်။ " ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းမင်းသန်းက ဖေဖော်ဝါရီ ၂၈ရက်က မဇ္ဈိမကို ပြောသည်။ 

ထို့ပြင် မြစ်ကမ်းပါးပြိုကျ၍ ရွာလုံးကျွတ်ပြောင်းရွှေ့နေရသော်လည်း အုပ်ချုပ်ရေးဋ္ဌာနများနှင့် အလှူရှင်အရပ်ဖက်အဖွဲ့အစည်းများ လာရောက်ခြင်းမရှိသေးကြောင်း၊ လက်ရှိအချိန်ထိ ဆက်တိုက် ပြိုကျနေပြီး၊ ဒေသခံများလုပ်ကိုင်စားနေသည့် ယာမြေဧက ၆၀၀ ကျော် ဆုံးရှုံးခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောပြသည်။

''အရင်ကတော့ နည်းနည်းစီပြိုတယ်။ လွန်ခဲ့တဲ့(၂)နှစ်လောက်ကစပြီး ပြိုတာများလာတယ်။ တစ်နေ့ကို (၁၅)တောင်လောက်ပြို တယ်။ တစ်နေ့တစ်ခါပဲ ပြိုတာ။ အဲ့ပြိုချိန်ကလည်း တစ်နာရီခွဲပဲကြာတာ။ တစ်ခါတစ်လေ မြစ်ထဲမှာ သဘောၤနည်းနည်းကြီးတာ သုံးစီးလောက်ပြိုင်တူသွားရင် ဘယ်အချိန်ဖြစ်ဖြစ် ထပ်ပြိုတယ်'' ဟုဒေသခံတစ်ဦးဖြစ်သူ ကိုကြည်ခိုင်က ပြောသည်။

အဆိုပါ မိန်းမလှကျွန်းကျေးရွာတွင် အိမ်ခြေပေါင်း(၁၁၇)အိမ်ရှိပြီး၊ အိမ်ထောင်စုပေါင်း(၂၁၂)စုရှိသည်ဟု သိရသည်။ အိမ်တစ်အိမ် ရွှေ့ပြောင်းပါက (၁၅)သိန်းခန့်ကုန်ကျနိုင်ပြီး ဘုန်းတော်ကြီးကျောင်း ရွှေ့ပြောင်းရန်အတွက် သိန်း(၅၀)ခန့် ကုန်ကျနိုင်သည် ဟု သိရသည်။ လက်ရှိအားဖြင့် ရွာမြောက်ဘက်ယာခင်းများတွင် လှည်းများ၊ ကားများဖြင့် ပြောင်းရွှေ့နေရကြောင်း သိရသည်။

"အနောက်ဘက် ထနောင်းကုန်းဘက်မှာ ပြောင်းရွှေ့နေဖို့အတွက် သူတို့အတွက် မနှစ်ကတည်းက နေရာချထားပေးမှုတွေ ပြု လုပ်ပေးထားပါတယ်။လက်ရှိရွှေ့နေတယ်ဆိုတာက ကျန်တဲ့အိမ်တွေပေါ့။ကမ်းပါးပြိုမှုကလည်း မနှစ်ကတိုင်ဖြစ်နေခဲ့တာ။ စာ သင်ကျောင်းကိုလည်း ရေ့ွှ့ပေးထားပြီးပါပြီ" ဟု ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင့်လွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly