အခြေခံဥပဒေပါ သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ ဆက်လက်ရှိရေး ထောက်ခံပွဲ

အခြေခံဥပဒေပါ သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ ဆက်လက်ရှိရေး ထောက်ခံပွဲ
(ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈။ ။ အခြေခံဥပဒေပါ သမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်သော ပုဒ်မ၅၉ပါအချက်များအား ပြင်ဆင်/ဆိုင်းငံ့မှုများ ပြုလုပ်လာပါက ကန့်ကွက်ရှုတ်ချသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ယနေ့ပြုလုပ်သော အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်လိုသူများ စုပေါင်းဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲမှ သိရသည်။

“၅၉(စ)ကို ပြင်မယ်ဆိုရင် ကျွန်တော်တို့က တပ်မတော်ထဲကို Volunteer(စေတနာ့ဝန်ထမ်း) ပဲဝင်ရဝင်ရ၊ ပေါ်တာပဲဆွဲခံရခံရ စစ်တပ်နဲ့ပေါင်းမှာဖြစ်ကြောင်း ကြေညာရင်း နိဂုံးချုပ်ပါတယ်” ဟု မတူကွဲပြားရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦနေမျိုးဝေက ၎င်း၏ ဟောပြောချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အချက်၇ချက်ပါ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ကို ထောက်ခံသူများ တက်ရောက်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်တွေက တင်မြှောက်ချင်တဲ့အခါ ကျတော့ (ပုဒ်မ)၅၉ အဓိက ညှိစွန်းနေတာက (စ) အဲ့ဒိပြဿနာတက်နေတယ်။ အဲ့ဒါကို ပြင်ဖို့ပြောင်းဖို့လုပ်ကြတယ်။ တပ်မတော်ရဲ့ ၂၅ရာခိုင်နှုန်းက ဆန့်ကျင်တယ်။ အမျိုးသားရေးသမားတွေကကော ဆန့်ကျင်တယ်။ တပ်မတော်နဲ့ အမျိုးသားရေးသမားတွေက တသားတည်းဖြစ်နေတာ မဟုတ်ဘူးလား” ဟု ဦးနေမျိုးဝေက ပြောသည်။ 

ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူများအနေဖြင့် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူသည် အခြားတိုင်းပြည်၏ သြဇာခံမဖြစ်စေရေးသည် အလွန်အရေးကြီးသည့်အတွက် ပုဒ်မ ၅၉ ပါ ပြဌာန်းချက်များကို ထိုခံယူချက်အတိုင်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြင်ဆင်လိုပါကလည်း သတ်မှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နည်းလမ်းများအရသာ ပြင်ဆင်ရန်နှင့် ဥပဒေနှင့် မညီညွှတ်သော ပြင်ဆင်/ဆိုင်းငံ့ခြင်းများ ပြုလုပ်လာပါက အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟု အခိုင်အမာဆုံးဖြတ်ထားကြောင်းလည်း ပါရှိသည်။

“တိုင်းပြည်မှာ သြဇာခံတဲ့အစိုးရကို ခန့်လိုက်ပြီဆိုရင် စစ်တိုက်စရာမလိုဘဲနဲ့ အဲ့ဒိနိုင်ငံကို ကြိုက်သလိုချယ်လှယ်လို့ရတယ်။ အဲ့လိုသြဇာခံအစိုးရတွေ မဖြစ်အောင် ၅၉က ကာကွယ်ပေးတာပါခင်ဗျာ” ဟု အမျိုးဘာသာ သာသနာအရေးလှုပ်ရှားသူရှေ့နေ ဦးအေးပိုင်က သူ့ဟောပြောချက်တွင် ထည့်ပြောသွားသည်။

ပုဒ်မ ၅၉တွင် သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်လာမည့်သူများအတွက် အရည်အချင်းသတ်မှတ်ချက်များကို ဖော်ပြထားပြီး ပုဒ်မခွဲ(၇)ခုပါဝင်သည်။ မြန်မာပြည်သူအများစုက သမ္မတဖြစ်လာရန်မျှော်လင့်နေသည့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပုဒ်မခွဲ(စ)ပါ အချက်ဖြစ်သော မိမိကိုယ်တိုင်(သို့မဟုတ်) မိမိ၏ မိဘတစ်ဦးဦး၊ ဇနီး၊ ခင်ပွန်း၊တရားဝင် သားသမီး၊ ထိုသားသမီးများ၏ ခင်ပွန်း၊ဇနီးတို့သည် အခြားနိုင်ငံအစိုးရ၏ သစ္စာခံသော၊ လက်အောက်ခံဖြစ်သော(သို့မဟုတ်) အခြားနိုင်ငံ၏ နိုင်ငံသားများခံစားရသော အခွင့်အရေး၊ အကျိုးကျေးဇူးများ ခံစားနိုင်သောသူ မဖြစ်စေရဆိုသော အချက်အရ သမ္မတ မဖြစ်နိုင်ဘဲ ဖြစ်နေသည်။

“ဒီမိုကရေစီကို သွားနေတဲ့နေရာမှာ ဒီမိုကရေစီရယ်လူ့အခွင့်အရေးရယ်၊ အမျိုးသားရေးရယ် ဒီသုံးခုကိုချိန်ထိုးပြီးတော့ အမျိုးသားရေးအမြင်ကိုလည်းမပစ်ပယ်ဘဲနဲ့ ဘယ်အရာကိုပဲလုပ်လုပ် လုပ်သင့်တယ်လို့ယုံကြည်ပါတယ်” ဟု ပုဒ်မ ၅၉ပါ အချက်များကို ရှင်းလင်းဟောပြောသော အမျိုးသားကွန်ယက်မှ ဥက္ကဋ္ဌ ကိုဝင်းကိုကိုလတ်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly