တရုတ်တွင် အငြိမ်းစားအသက် တိုးမြှင့်မည်

တရုတ်တွင် အငြိမ်းစားအသက် တိုးမြှင့်မည်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ။           ။ တရုတ်နိုင်ငံတွင် လာမည့်နှစ်များ၌ နိုင်ငံတော်ပင်စင်ရန်ပုံငွေ အခက်အခဲဖိစီးမှုများအောက်ရှိနေခြင်းကြောင်း ၂၀၁၇ ခုနှစ်တွင် တရားဝင်ပင်စင်အသက်အရွယ်ကို တိုးမြှင့်ရန် တရားဝင်စီစဉ်ထားပြီဖြစ်ကြောင်း အကြီးတန်းအစိုးရသုတေသနဌာနတစ်ရပ်က ပြောသည်။

လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီးဌာန သုတေသနခေါင်းဆောင် Jin Weigang က လာမည့်ငါးနှစ်အတွင်း ယင်းမူဝါဒအပြောင်းအလဲကို ဖော်ဆောင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားချက်အား အစိုးရတစ်ပိုင်းသတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

လက်ရှိ၌ တရုတ်နိုင်ငံ၏ တရားဝင်ပင်စင်သက်မှာ အမျိုးသားများအတွက် အသက် ၆၀ ဖြစ်သည်။ အမျိုးသမီးများတွင် လူမှုဝန်ထမ်းဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်များ၌ အသက် ၅၅ နှစ်နှင့် အခြားဌာနများတွင် အသက် ၅၀ ဖြင့် ပင်စင်ပေးခြင်းဖြစ်သည်။

ယင်းသို့ ပင်စင်သက်တမ်းတိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး အဆိုပါ သတင်းဌာနက မည်သည့်ထင်မြင်ချက်မျှ ပေးမထားပေ။

အကဲဖြတ်များကမူ တရုတ်နိုင်ငံ၏ နိုင်ငံတော်ပင်စင်ငွေသည် ဘတ်ဂျတ်လိုငွေပြမှုများ ရှိနေပြီဖြစ်ကြောင်း ရေရှည်သတိပေးထားသည်။ လိုငွေပြမှုသည် လာမည့်နှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၁၁ ထရီယံအထိ မြင့်တက်လာမည်ဟု တစ်ချို့က ခန့်မှန်းထားသည်။

ယခုကဲ့သို့ မူဝါဒအပြောင်းအလဲသည် သက်သာလွယ်ကူစေမှုနှင့် အလုပ်သမားအုပ်စုအသီးသီးအတွက် လိုအပ်ချက်အတွက် လုပ်ဆောင်ခြင်းဖြစ်သင့်ပြီး ပင်စင်ရန်ပုံငွေ စရိတ်စကတစ်ခုတည်းအတွက် မစဉ်းစားသင့်ကြောင်း Jin က သတိပေးပြောကြားသည်။

လာမည့်နှစ်များ၌ တရုတ်နိုင်ငံတွင် လက်ရှိ ၁၅ ရာခိုင်နှုန်းရှိနေသည့် အသက် ၆၀ အထက် ဦးရေသည် နိုင်ငံလူဦးရေ၏ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီး Yin Weimin က ပြီးခဲ့သည့်နှစ်အတွင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly