ထားဝယ်ရေနက်ဆိပ်ကမ်းလမ်း အူတိုင်စောင်းနေသည်ကို ဂျပန်က တိုင်းတာတွေ့ရှိ၍ ဖောက်လုပ်ရေး နှောင့်နှေး

ထားဝယ်ရေနက်ဆိပ်ကမ်းလမ်း အူတိုင်စောင်းနေသည်ကို ဂျပန်က တိုင်းတာတွေ့ရှိ၍ ဖောက်လုပ်ရေး နှောင့်နှေး
ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ကန်ချနပူရီိထိ ဖောက်ထားသည့် လမ်းပိုင်း တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

facebook ကောက်စာ-အီတလီ-ထိုင်းဖွံ့ဖြိုးမှုအေဂျင်စီ ITD ဒီဇိုင်းထုတ်ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ကန်ချန်နာဘူရီသို့ ဖောက်လုပ်သွယ်တန်းသည့် လမ်းတည်ဆောက်ရေးတွင် လမ်းပိုင်း ခုနစ်ပိုင်းတစ်လျှောက် ၁၅ ဒီဂရီစောင်းနေ၍ လော်ရီကုန်တင်ကားကြီးများအတွက် ဘေးကင်းနိုင်မည်မဟုတ်ဟု  JICA က တိုင်းတာတွေ့ရှိခြင်းဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ကန်ချန်နာဘူရီသို့ ဖောက်လုပ်သွယ်တန်းသည့် လမ်းတည်ဆောက်ရေးတွင် ဂျပန်က လာရောက်တိုင်းတာရာ လမ်းပိုင်း ခုနစ်ပိုင်းတစ်လျှောက် ၁၅ ဒီဂရီစောင်းနေ၍ လော်ရီကုန်တင်ကားကြီးများအတွက် ဘေးကင်းနိုင်မည်မဟုတ်ရာ လမ်းဖောက်လုပ်ရေး ကြန့်ကြာမှုရှိဦးမည်ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ကန်ချန်နာဘူရီရှိ ဘန်ပူနမ်ရွန်သို့ ဖောက်လုပ်သွယ်တန်းသော ၁၃၈ ကီလိုမီတာလမ်း တည်ဆောက်ရေးကို အချိန်နောက်ဆုတ်ရလိမ့်မည်ဖြစ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး အက်ခဟွမ်က ဖေဖော်ဝါရီ ၂၆ ရက်က ပြောခဲ့သည်။

ယင်းလမ်းစီမံကိန်းအား မတ်လတွင် စတင်ရန် ရှိသည်။

ယခုကဲ့သို့ လမ်းဖောက်လုပ်ရေး ကြန့်ကြာမှု ကြုံရခြင်းသည် ဂျပန်အပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းအေဂျင်စီ JICA က ကွင်းဆင်းစစ်ဆေးခြင်းအရ လမ်းအူကြောင်း စောင်းနေခြင်းကို တိုင်းတာပေးခဲ့ခြင်းဖြစ်သည်။

အီတလီ-ထိုင်းဖွံ့ဖြိုးမှုအေဂျင်စီ ITD ဒီဇိုင်းထုတ်ထားသည့် လမ်းအူကြောင်းတွင် နှစ်လမ်းသွား လမ်းကျဉ်းတစ်လျှောက် ၁၅ ဒီဂရီစောင်းနေခြင်းကို JICA က တိုင်းတာတွေ့ရှိခြင်းဖြစ်သည်။

JICA ၏ အကြံပေးချက်အရ ယင်းလမ်းမကြီး၏ ၂၀ ရာခိုင်နှုန်းကို တောင်များကိုဖောက်လုပ်ပြီး ၈၀ ရာခိုင်နှုန်းက လွင်ပြင်ပိုင်းကို ဖောက်လုပ်ရလိမ့်မည်ဟု ဆိုသည်။

လမ်းကြောင်းစောင်းနေခြင်းအား ဖြေရှင်းရန်အတွက် တောင်များကို ဖောက်ကာ ဥမင်ခုနစ်ခု တည်ဆောက်ဖောက်လုပ်သင့်သည်ဟု ယင်းအေဂျင်စီက အဆိုပြုထားသည်။

ထို့အတွက်ကြောင့် ITD ၏ လမ်းဒီဇိုင်းတွင် မပါဝင်ခဲ့သည့် ဥမင်များ ဖောက်လုပ်မှု ထပ်တိုးလာခြင်းကြောင့် လမ်းစီမံကိန်း၏ ဘတ်ဂျတ်ငွေအား ပြန်ညှိရမည်ဖြစ်ကြောင်း အက်ခဟွမ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly