ထိုင်းရေလုပ်ငန်းတွင် ကျွန်ပြုစေခိုင်းရန် လူမှောင်ခိုကူးသူများအား ပြစ်ဒဏ်ချမှတ်ရေး အင်ဒိုနီးရှားပြင်ဆင်

ထိုင်းရေလုပ်ငန်းတွင် ကျွန်ပြုစေခိုင်းရန် လူမှောင်ခိုကူးသူများအား ပြစ်ဒဏ်ချမှတ်ရေး အင်ဒိုနီးရှားပြင်ဆင်

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၈ ။           ။ ပင်လယ်စာလုပ်ငန်းတွင် ကျွန်ပြုခိုင်းခြင်းများနှင့် ဆက်စပ်သည့် လူမှောင်ခိုကုန်ကူးမှုဖြင့် စွဲဆိုထားသူ ထိုင်းငါးဦးနှင့် အင်ဒိုနီးရှား သုံးဦးတို့အား ထောင်ဒဏ်   လေးနှစ်ခွဲ ချမှတ်နိုင်ရေး အင်ဒိုနီးရှားရှေ့နေများက အမှုတည်ဆောက်နေသည်။

ယခုသံသယရှိသူများကို ပြီးခဲ့သည့်နှစ် မေလအတွင်းက ဘန်ဂျီနာအစွန်ဖျားကျွန်းရွာငယ်အတွင်း ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ယင်းရွာတွင် ငါးဖမ်းလုပ်ငန်း၌ လူများကို ကျေးကျွန်းပြုခိုင်းစေနေမှုများ ရှိနေကြောင်း အေပီသတင်းဌာနက ဖော်ပြလိုက်ပြီး နှစ်လအကြာတွင် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်သည်။

ယင်းကျွန်းရွာငယ်အတွင်း ကျွန်လုပ်ခံထားရသည့် မြန်မာတံငါသည် ၁၃ ဦးက အင်ဒိုနီးရှားမျက်မြင်သက်သေနှင့် ဒုက္ခကြုံသူကာကွယ်ပေးရေး အေဂျင်စီအောက်တွင် သက်သေ ထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ကျွန်းပေါ်တွင် လစာပေးခြင်းလည်းမရှိ၊ ၂၄ နာရီမပြတ်ခိုင်းကာ နှိပ်စက်ညင်းပန်းမှုများကို ခံခဲ့ရကြောင်း တရားရုံးတွင် ထွက်ဆိုသည်။ ငါးဖမ်းကုမ္ပဏီပိုင် အဝန်းအဝိုင်းအတွင်း အချုပ်ထောင်ကဲ့သို့ လှောင်အိမ်ဖြင့် ချုပ်နှောင်ထားခြင်းလည်း ခံရကြောင်း ၎င်းတို့က ပြောသည်။

နိုင်ငံရပ်ခြားက ငါးဖမ်းလုပ်သားများကို ထိုင်းနိုင်ငံတွင်း လူသစ်စုဆောင်းကာ စာရွက်စာတမ်းတုများဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်းသို့ ပို့ဆောင်ပြီး ငါးဖမ်းလုပ်ငန်းများတွင် အတင်းအဓမ္မညင်းပန်းစေခိုင်းမှုများ ရှိနေခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ယင်းသို့ လူမဆန်သည့် ခိုင်းစေမှုများဖြင့် ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြုခံနေကြရသူ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုသို့ လူပေါင်း ၂၀၀၀ ကျော်ကို ကယ်ဆယ်ပြီး   နေရပ်ပြန်ပို့နိုင်ခဲ့သည်။ ထိုကဲ့သို့ ငါးဖမ်းလုပ်ငန်းများတွင် လူမဆန်စွာ စေခိုင်းနေသည့် ကျွန်ပြုကျွန်းငယ်များမှ ဖမ်းဆီးရမိသည့် ပင်လယ်စာများက အမေရိကန်သို့ ဝယ်ယူစားမြိန်နေသည့် ပင်လယ်စာများဖြစ်နေကြောင်း အေပီသတင်းက ထောက်လှမ်းရေးသားဖော်ပြလိုက်ပြီးနောက် နိုင်ငံတကာအာရုံစိုက်လာကာ ယခုကဲ့သို့ ကယ်ဆယ်လိုက်နိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly