မဇ္ဈိမရဲ့ အလှဆုံးပွဲ(ဂျူဗင်တပ်-အင်တာမီလန်)

27 February 2016
မဇ္ဈိမရဲ့ အလှဆုံးပွဲ(ဂျူဗင်တပ်-အင်တာမီလန်)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ စီးရီးအေပွဲစဉ် ၂၇ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျူဗင်တပ်-အင်တာမီလန်ပွဲကို သုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါ တယ်။

ဂျူဗင်တပ်-အင်တာမီလန်

(၂၉-၂-၂၀၁၆ တနင်္လာနံနက် ၂း၁၅)

ထိပ်တိုက်တွေ့ဆုံမှု

၂၈-၁-၁၆ (ကိုပါ)              ဂျူဗင်တပ် ၃-၀ အင်တာမီလန်

၁၉-၁၀-၁၅ (စီးရီးအေ)       အင်တာမီလန် ဝ-၀ ဂျူဗင်တပ်

၁၆-၅-၁၅ (စီးရီးအေ)         အင်တာမီလန် ၁-၂ ဂျူဗင်တပ်

ဂျူဗင်တပ်

ဂျူဗင်တပ်ကတော့ ရာသီအစမှခြေစွမ်းဆိုးခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ မယုံနိုင်လောက်အောင်ဆက်တိုက်ခြေစွမ်းတွေပြတော့ အခုအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိနေတယ်။ ချန်ပီယံဆုရယူဖို့အတွက် စိတ်ဓါတ်အင်အားရော၊ အသင်းလိုက်စွမ်းရည်ရော အကောင်းဆုံးအနေအထားကိုရောက်နေတယ်။ ဂျူဗင်တပ်က နောက်ဆုံးစီးရီးအေ ၁၆ ပွဲမှာ ၁၅ ပွဲထိအနိုင်ရထားတယ်။ တစ်ပွဲသရေကျတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘိုလော့ဂ်နာနဲ့ပဲသရေကျပြီးတော့ နိုင်ပွဲတွေဆက်ခဲ့တယ်။ နိုင်ပွဲတွေဆက်ခဲ့လို့လည်း အခုလို အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ခဲ့တာ။ နောက်တစ်ချက်က စီးရီးအေ အိမ်ကွင်းနောက်ဆုံးကိုးပွဲဆက်တိုက် အနိုင်ရထားတယ်။ ဒီရလဒ် ကလည်းတော်တော်လေးကို ချီးကျူးစရာကောင်းတယ်။ အဓိကမြင်မိသလောက်တော့ ဂျူဗင်တပ်အခုလို ဇယားထိပ်ပိုင်းပြန်ရောက်လာတဲ့ အဓိကအချက်ကတော့ ခံစစ်အားကောင်းလို့လို့မြင်တယ်။ ၂၆ ပွဲမှာ ၁၅ ဂိုးပဲပေးထားရတယ်။ ဒီနှုန်းကတော့တော်တော်ချီးကျူးစရာပဲ။ ချန်ပီယံ အသင်းတစ်သင်းရဲ့ ခံစစ်ပိုင်းလို့တောင်ပြောလို့ရတယ်။ ဒါကြောင့်အသင်းရဲ့အဓိက စွမ်းဆောင်ရည်က ဘတ်ဖွန်တို့ချီလီနီတို့ဦးဆောင်တဲ့ ခံစစ်ပိုင်းလို့မြင်မိတယ်။

အင်တာမီလန်

လက်ရှိအချိန်မှာတော့ အင်တာမီလန်က ဂျူဗင်တပ်နဲ့ပြောင်းပြန်ဖြစ်နေတယ်။ အင်တာမီလန်က ရာသီအစတုန်းက ခြေစွမ်းတွေကောင်းတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာတောင်   တော်တော်များများဦးဆောင်လိုက်သေးတယ်။ တဖြည်းဖြည်းနဲ့နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းက ကျဆင်းသွားတယ်။ အဲဒီအတွက်ကြောင့်အခုအချိန်မှာဆိုရင် အဆင့် ၅ နေရာကိုရောက်ရှိ သွားတယ်။ ထိပ်ဆုံးကဂျူဗင်တပ်နဲ့ ၁၀ မှတ်ကွာဟ သွားတယ်။ ဒီအနေအထားကတော့ချန်ပီယံဆုကိုမျှော်မှန်းဖို့တော်တော်လေး အလှမ်းဝေးသွားပြီ။ ဒါပေမဲ့တစ်ခုရှိနေတာက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်မှန်းနိုင်တဲ့အနေအထားလို့တော့ ပြောလို့ရတယ်။ လက်ရှိအချိန်မှာ တတိယနေရာက ဖီအိုရင်တီးနားနဲ့ လေးမှတ် ကွာဟတဲ့အနေအထားဆိုတော့ လိုက်လို့မီသေးတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ ဒါပေမဲ့အင်တာမီလန်ရဲ့ အဝေးကွင်းရလဒ်ကတော့ သိပ်ပြီး အားရစရာတော့မရှိဘူး။ နောက်ပိုင်းပွဲစဉ်လေးပွဲမှာ   လေးပွဲစလုံးအနိုင်မရထားဘူး။   နှစ်ပွဲရှုံးထားတယ်။   နှစ်ပွဲသရေကျထားတယ်။ နောက်တစ်ချက်က အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ အဝေးကွင်းရလဒ်မကောင်းတာကိုတော့ တွေ့ရတယ်။ ဥပမာဆိုရင် မီလန်တို့ နာပိုလီတို့ ဖီအိုရင်တီးနားတို့၊ ဒီအသင်းတွေကိုအဝေးကွင်းမှာရင်ဆိုင်ရာမှာ ပွဲတိုင်းရှုံးနိမ့်ထားတယ်။ ဒီအချက်တစ်ချက်ကတော့ သတိထားရမယ့် အချက် တစ်ချက်ပါ။

သုံးသပ်ချက်

ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဒီရာသီပူပူနွေးနွေးပဲတွေ့ဆုံထားတဲ့ ကိုပါအီတာလီယာပွဲစဉ်မှာတော့ ဂျူဗင်တပ်က ၃-၀ နဲ့အိမ်ကွင်းမှာ အနိုင်ရ ထားတယ်။ ပြီးတော့စီးရီးအေ ပထမအကျော့တုန်းကတော့ အင်တာကွင်းမှာ ဂိုးမရှိသရေကျတယ်။ ၂၀၁၄-၁၅ စီးရီးအေပြိုင်ပွဲတုန်းက ဂျူဗီ ကွင်းမှာ ၁-၁ သရေကျထားတာကို တွေ့ရတယ်။ လက်ရှိအနေအထားကတော့ အသင်းလိုက်အပိုင်းရော၊ ကစားသမားပိုင်းရော၊ စိတ်ဓါတ် ပိုင်းရော ယှဉ်ရင် ဂျူဗင်တပ်ကတော့ အသာစီးရနေတယ်။ ဒါပေမဲ့အင်တာမီလန်မှာလည်းပဲ ကစားသမားကောင်းတွေရှိနေတယ်။ ထိုနည်းတူ စွာ သူတို့ရဲ့နည်းပြမန်ချီနီကလည်း ထိပ်တန်းအဆင့်ရှိတဲ့နည်းပြမျိုးဖြစ်သလို အတွေ့အကြုံလည်းရှိတယ်။ အဲဒီတော့ ဂျူဗင်တပ်ကတော့ ဗျာများနေတယ်။ ပြိုင်ပွဲပေါင်းစုံမှာအခြေအနေကောင်းနေတဲ့အတွက် သူတို့ကဗျာများနေတဲ့အတွက် ပွဲပန်းလာမယ်။ ပွဲပန်းလာတဲ့အခွင့်အရေး ကို အကောင်းဆုံးအသုံးချရင်တော့ အင်တာဒီပွဲမှာသရေတစ်မှတ်တော့ရနိုင်တယ်။ သူတို့ခံစစ်ကို ကျစ်ကျစ်လစ်လစ်နဲ့ ကစားမယ်ဆိုရင်ပေါ့။ ဂျူဗင်တပ်ရော အင်တာရောက ခံစစ်ကိုအသားပေးတဲ့အသင်းတွေဖြစ်နေတဲ့အတွက် ဂိုးလည်းအများကြီးသွားဖို့တော့ မရှိဘူး။ အဲဒီတော့ ဝ-၀၊ ၁-၁ ရလဒ်မျိုးနဲ့သရေကျမယ်လို့ ခန့်မှန်းချင်ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု အင်တာမီလန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly