ပါကစ္စတန်တွင် ကလေး ၂၄သန်း ကျောင်းမနေကြ

ပါကစ္စတန်တွင် ကလေး ၂၄သန်း ကျောင်းမနေကြ

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ။           ။ ပါကစ္စတန်ကလေးငယ် ၂၄ သန်းမှာ ကျောင်းမနေကြရကြောင်း အစိုးရ၏ အစီရင်ခံစာသစ်တစ်ခုတွင် ဖော်ပြသည်။ အသက် ၁၆ နှစ်အောက် ကလေး အရွယ်မှာ နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံရှိသည်ဟု ယုံကြည်ရသော ပါကစ္စတန်တွင် ယင်းအခြေအနေက ကြောက်မက်ဖွယ်ဖြစ်သည်။

အသက်ငါးနှစ်မှာ ၁၆နှစ်အထိ ကလေး ၅၀ဒသမ၈သန်းအနက် ၄၇ ရာခိုင်နှုန်းမှာ ပညာမသင်ကြရကြောင်း ၂၀၁၄-၂၀၁၅နှစ်အတွက် နှစ်ပတ်လည် ပါကစ္စတန်ပညာရေး စာရင်းအင်းအစီရင်ခံစာက ဖော်ပြ ခဲ့ရာ မနှစ်မျို့ဖွယ် အရှိတရားတစ်ခုကို ဖော်ထုတ်ခဲ့သော အစိုးရ၏ ရှားရှားပါးပါးထုတ်ဖော်ဝန်ခံသည့် သာဓကတစ်ခုဖြစ်သည်။

ပညာရေးတိုးတက်ရန်လုပ်ဆောင်လျက်ရှိသော အစိုးရမဟုတ်သော အဖွဲ့အစည်း Alif Ailaan ၏လှုံ့ဆော်ရေးဒါရိုက်တာ မိုရှာရတ်ဇိုင်ဒီက အစိုးရ၏ပညာရေးစနစ်မှာ လုံးဝမအောင်မြင်ဟု ပြောကြားသည်။ သို့သော်လည်း အစိုးရ၏ စာရွက်စာတမ်းများမှာ အရှိတရားကို ရောင်ပြန်ဟပ်ရန် အရေးကြီးသဖြင့် အစီရင်ခံစာကို ချီးကျူးခဲ့သည်။

ပါကစ္စတန်သည့်အမျိုးသားသန်းကောင်စာရင်းမကောက်သည်မှာ ၁၇ နှစ်ကြာမြင့်နေပြီဖြစ်သည်။ သို့သော်လည်း အကြမ်းဖျင်းအားဖြင့် တစ်နိုင်ငံလုံးရှိလူဦးရေ သန်း ၂၀၀ခန့်အနက် သုံးပုံနှစ်ပုံခန့်မှာ အသက် ၃၀အောက်ရှိသည်ဟု ယုံကြည်ရသည်။ လူဦးရေခန့်မှန်းချက်များနှင့် သန်းခေါင်စာရင်းဆိုင်ရာလေ့လာချက်များကို စုစည်းကာ ဖေဖော်ဝါရီ ၂၆က ထုတ်ပြန်ခဲ့သော ယင်းအစီရင်ခံစာက ကျောင်းနေ အရွယ်ကလေး ၅၀ ဒသမ ၈ သန်းရှိသည်ဟု သတ်မှတ်ဖော်ပြခဲ့သည်။

ကျောင်းမနေသည့် ကလေး ၂၄သန်းအနက် မိန်းကလေးမှာ ၁၂ဒသမ၈သန်းရှိကာ ယောကျားလေးထက်ပိုများသည်ဟု အစီရင်ခံစာကဖော်ပြခဲ့သည်။ ထို့အပြင် မူလတန်းအဆင့်တွင် စာရင်းသွင်းထားသော ကလေးများအနက် ၆၉ရာခိုင်နှုန်းမှာ ငါးနှစ်မြောက်သို့ မရောက်မီ ကျောင်းထွက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် အစိုးရမူလတန်းကျောင်းများ၏ ၂၉ ရာခိုင်နှုန်းခန့်မှာ ဆရာတစ်ယောက်တည်းဖြင့် လည်ပတ်နေပြီး ယင်းကဲ့သို့ကျောင်း ၁၈ ရာခိုင်နှုန်းမှာ စာသင်ခန်းတစ်ခုသာရှိကာ ၉ ရာခိုင်နှုန်းမှာ အဆောက်အဦပင်မရှိဟု သိရသည်။ သို့သော်လည်း ကျောင်းမနေသည့် ကလေးအရေအတွက်မှာ ယခင်နှစ်ကနှင့်စာလျင် တစ်သန်းခန့်လျော့နည်းသွားသည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly