ကရင်ပြည်နယ်ဗဟို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်ဗဟို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

"ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီး  ပြည်သူတွေ စိတ်ချလက်ချ မော်တော်ကား တရားဝင်သုံး ပိုင်းခွင့်ရအောင် ပြည်နယ်ဥပဒေ ပြဌာန်းပြီးတော့ လုပ်မယ်"

မေး -  ဆရာမက ဒီကရင်ပြည်နယ်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်၊ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်ထဲမှာလည်း ပါဝင်တယ်ဆိုတော့ အခု မကြာခင်တက်လာမယ့် အစိုးရ အသစ်အနေနဲ့  ဘာတွေကြိုတင် ပြင်ဆင်ထားလည်းဆိုတာ ပြောပြပေးပါ။

ဖြေ - လုပ်ရမယ့် ဟာတွေက အများကြီးပဲလေ။ ပညာရေးဆိုလည်း ဖြစ်နိုင်တာပဲ ကျန်းမာရေးဆိုလည်း ဖြစ်နိုင်တာပါပဲ၊ နောက် မြေယာကိစ္စတွေလည်း ပြော မယ်ဆိုရင် အများကြီး ရနိုင်တာပဲ။ လတ်တလော မြင်နေရတဲ့ ကိစ္စတွေထဲမှာ ပညာရေးနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် အန်တီတို့က ပညာရေးကို ပြင်မယ် ဆိုလို့ရှိရင် အရင်ဆုံး မူယစ်ဆေးဝါးကို အဓိက ကိုင်တွယ်ပြီး အရင်ပြင်ရမှာပဲ။

အဲတော့  ဒီမူးယစ်ဆေးကို လျော့ပေါ့သွားအောင် လုပ်ရမယ်။ ဒါပေမဲ့ အန်တီတို့ လိုချင်တာကတော့ လုံး၀ ပပျောက်သွား စေချင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့  ခုခေတ်မှာ မူးယစ်ဆေးက လူငယ်တွေကြားမှာ တော်တော်လေး အန္တရာယ် ရှိနေတယ်၊  အဲတော့ ပညာရေးကို ပြင်မယ် ဆိုရင် ဒီမူးယစ်ဆေးကိုပါ တစ်ပြိုင်တည်း တွဲလုပ်ရမယ်။ သူတို့ကတော့ ပညာရေး တိုးတက်ဖို့ လုပ်မယ် ပြုပြင်ပြောင်းလဲမှု လုပ်မယ် ဆိုတာတွေတော့ လုပ်နေတာပဲ။  အန်တီတို့က ဒီကလေးတွေရဲ့ ပတ်ဝန်ကျင်မှာ ဒီမူးယစ်ဆေး ကင်းစင်းအောင် လုပ်ရမှာ။ ပြောရရင်တော့ ဒီမူးယစ်ဆေးက အဓိကပဲလားလို့ ပြောချင်ပါတယ်။ ဒီပညာရေး အပြောင်းအရွေ့မှာ ဒီမူးယစ်ဆေးကလည်း ပါတာပေါ့။

မေး - ဒီမူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဆရာမတို့ အနေနဲ့ ဒီလူငယ်တွေကြားမှာ စစ်တမ်းကောက်ထားတာ၊ လူငယ်တွေအကြောင်း လေ့လာထားတာ၊ လူငယ်တွေကြားမှာ ပြန့်နှံ့နေတာတွေနဲ့ ပတ်သက်ပြီး စီစဉ် ထားတာ အဲဒါမျိုးတွေကော ရှိပါသလား။

ဖြေ - အန်တီတို့က ခုအောက်ခြေ လူတန်စားတွေနဲ့ နေရတယ်လေ အောက်ခြေ လူတန်စား ဆိုတာက လူထုကြားထဲမှာ ရှိနေတာ ရပ်ကွက်ထဲမှာ နေတာပေါ့နော်။ လူထုကြားထဲမှာဆိုတော့ မြင်ရတယ်၊ ကြားနေရတာတွေ ရှိတယ်။ တခါတလေ ကြရင် လူငယ်တွေက ဟိုနားတစ်စု စု ဒီနားတစ်စုစု နဲ့ တွေ့ရတယ်။ အဲဒါကို အန်တီတို့က သူတို့ ဘာတွေ လုပ်နေ ကြတာလဲလို့ မေးရင် သူတို့ဆေးသုံးစွဲနေတာလို့ သိရတယ်။ ကျောင်းတွေမှာ အဲဒါမျိုးတွေ ရှိနေတယ်လို့ ကြားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့က ကွင်းဆင်းပြီး ဖမ်းဆီးတာမျိုး မလုပ်ခဲ့ရဘူးလေ။

မေး - အဲဒါမျိုးတွေကို တိုက်ဖျက်ဖို့ ပြင်ဆင်ထားတာမျိုးကောရှိလား။ ဆရာမတို့က သိထားရတယ်ဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ၊ မူဝါဒ ချမှတ်ထားတာတွေကော ရှိသလား။

ဖြေ - အင်း ဒါ အန်တီတို့ ဗဟိုအစိုးရ တက်လို့ရှိရင် အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖြစ် တက်လာမယ် ဆိုလို့ရှိရင် ဒီကိစ္စကို အန်တီတို့က ဟိုအရင်ကတည်းက စိတ်ဝင်းစားတယ်။ အရင့် အရင် ၃လပတ် ၆လပတ်တွေ တင်တုန်းကဆိုရင်  မွန်၊ ကယား၊ ကရင်တို့က တင်ပြလာကြတယ်မူး ယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး ဒီလိုမျိုးတွေ ရှိတာတွေကို အန်တီတို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တောင် မျက်လုံးပြူးသွားတယ်။ သူတို့ပြောတော့ မူးယစ်ဆေးဝါးကို ဗမာပြည်မှာ တိုက်ဖျက်နေပြီလို့ ပြောနေကြတယ်။ မေးကြည့်တော့ ဗမာပြည်မှာ ရှိနေသေးတယ်လို့ ပြောတယ်။ အဲဒီတော့ အန်တီတို့ အနေနဲ့ ဒီမူးယစ်ဆေးကို စိတ်တော့ စိတ်ဝင်စားပါတယ် အခုလည်း အန်တီတို့ ပြည်နယ်အတွက် ဖက်ဒရယ်မူကို ခဏ ခဏတောင်း ခဲ့တယ်။

အန်တီတို့ပြောနေတဲ့ အန်တီတို့ ပြည်နယ်အနေနဲ့  ဖက်ဒရယ် စနစ်ကို တောင်းနေတာတွေ လည်းရှိတယ်။ ကိုယ့်ပြည်နယ်ထဲမှာ ပြည်နယ် အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့  ဥပဒေကို လွှတ်တော်ကို တင်ပြပြီးတော့  သက်ဆိုင်ရာ ဥပဒေကို နားလည်တတ်ကျွမ်း သူတွေနဲ့ တိုင်ပင်ပြီး ပြည်နယ် အတွင်းမှာ ဥပဒေပြဌာန်းပြီး နှိမ်နင်းဖို့ လိုအပ်လာမယ် ဆိုရင် နှိမ်နင်းသင့်ရင် နှိမ်နင်း ရမှာပေါ့နော်။ ဒါမှမဟုတ် အတိုင်းအတာ တစ်ခုထိ မလိုအပ်တော့ဘူး၊ လုံးလောက်နေပြီ ဆိုရင်လည်း နှိမ်နင်းဖို့ မလိုအပ်တော့ဘူးပေါ့။

မေး - ဆရာမတို့  အုပ်ချုပ်ရမယ့် အုပ်ချုပ်ရေး အပိုင်းမှာ ပထမ အားနည်းချက်တွေက ဘာတွေဖြစ်မလဲပေါ့ နောက်ဆက်လက် တွေ့ရမယ့် အခြေအနေ တွှေ့ကြုံရမယ် စိန်ခေါ်ချက်တစ်ရပ်က ဘာတွေ ဖြစ်လာနိုင်မလဲ။

ဖြေ - အန်တီတို့ တွေ့ကြုံရမယ့် အုပ်ချုပ်မှု အပိုင်းမှာဆိုရင် ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေ ရှိတယ် ပေါ့နော် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးတွဲလုပ်ကိုင်ဖို့ ပုံမှန်အတိုင်း လုပ်တာကို ကြီးကျယ် တယ်ပဲ ပြောပြော  ဒီလိုပဲ လုပ်ရမှာပဲလေ အန်တီတို့ ဒီမိုကရေစီစနစ်ရဲ့ အုပ်မြစ်ကြီးက ဒီလိုကျေးရွာတွေကနေ ခိုင်ခိုင်မာမာ ချရမယ်။ အဲတော့ ကျေးရွာတွေမှာ ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ဒီမိုကရေစီကို တကယ်လိုချင်တယ် ဆိုလို့ရှိရင် အောက်ခြေတွေကပါ လိုလိုလားလားနဲ့ ပြောင်းလဲလိုက်တာမျိုးလည်း ရှိဖို့ လိုအပ်တယ်။ အဲတော့ ပြောင်းလဲတဲ့ အခါမှာ အောက်ခြေအုပ် ချုပ်ရေးမှူးတွေ ကချည်းပဲ ပြောင်းလဲတာမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေး အပိုင်းက စာရေးတွေကအစ လိုက်ပြီး ပြောင်းလဲရမယ်။ နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မှန်မှန်ကန်ကန်နဲ့  ပြန်လည် ရွေးမယ်ဆိုရင်  ဒီမိုကရေစီ ကိုလိုလားတဲ့ ဒီမိုကရေစီ စနစ်ကို နှစ်သက်တဲ့ ဒီမိုကရေစီ နိုင်ငံကို လိုလားတဲ့ အုပ်ချုပ်ရေးမှူးကောင်းတွေ ရှိလာမှာပါ့။

ကျေးရွာတွေမှာ အစဉ်အလာကြီး တခုလို စာရေးတွေက ရှိနေမှာပဲ အန်တီပြောချင်တာက အချိန်အခါအကိုက် ပြောင်းလဲနေတဲ့ အချိန်မှာ သူတို့ကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်တွေကိုလည်းပြောင်း ပါ။ အဲလိုသူတို့ရဲ့ စိတ်ဓာတ်တွေလည်း တပါတည်း ပြောင်းလဲခဲ့မယ်ဆိုရင် အန်တီတို့နဲ့ ပါသွားမှာပေါ့။ အဲလိုမှ မပြောင်းလဲဘူး ဆိုရင်တော့ သူတို့ကုသိုလ်ကံနဲ့ သူတို့ပဲ။ သူတို့ပြစ်မှုနဲ့ သူတို့ ခံရမှာပဲ။ အပြောင်းအလဲကာလမှာ အန်တီတို့က ဆုပေးသင့်ရင်လည်း ဆုပေးရမှာပဲ။ ဒဏ်ပေးသင့်တဲ့ သူကိုလည်း ဒဏ်ပေးရမှာပဲ။ အန်တီတို့ကလည်း ခိုင်ခိုင်မာမာ ဖွဲ့မယ် ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့က သန့်ရှင်းတဲ့ အစိုးရဖွဲ့မှာကိုး။ ဒီလိုဖွဲ့မှာဆိုတော့  အောက်ခြေက စပြီးတော့  အန်တီတို့ နိုင်တဲ့  ဟာပေါ့နော် နိုင်တဲ့ ကိုယ်ပြည်နဲ့ ကိုယ့်အတိုင်းအတာနဲ့  ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကနေစပြီး အန်တီတို့ လုပ်ရမယ်။

မေး - ခုဆိုရင် ကျေးရွာတွေမှာတော့  ဖွဲ့ထားပြီပြီးပေါ့နော် နောက်ပိုင်းမှာရော ကိုယ်စိတ်တိုင်း မကျတာမျိုးနဲ့ ကြုံတွေ့လာမယ် ဆိုရင်ကော ပြန်လည် ရွေးချယ်တာမျိုး လုပ်သွားဦးမှာလား။

ဖြေ - ကိုယ်စိတ်တိုင်း ကျသည်ဖြစ်စေ၊ စိတ်တိုင်းမကျသည်ဖြစ်စေ သူတို့ကို သတ်မှတ်ပြီးသား သက်တမ်းတလျောက် အုပ်ချုပ်ရေး အနေနဲ့တော့ ပေးရမယ်လေ။ နောက်လာမယ့် သက်တမ်းမှာတော့  နောက် အုပ်ချုပ်ရေးမှူး အသစ် တစ်ယောက်ပေါ့။ အဲဒီတော့ နောက်သက်တမ်းမှာ အန်တီ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နောက်အုပ်ချုပ်ရေးမှူးကိုတော့ အန်တီတို့က ရွေးရမှာပဲ။

မေး - နောက် ဆရာမတို့ အနေနဲ့ အဓိက ကြုံတွေ့လာရမယ့် ပြဿနာတွေက ဒီကရင်ပြည်နယ် အနေနဲ့ ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်မလဲ။

ဖြေ - အန်တီတို့ဆီမှာ ပြောရမယ် ဆိုလိုရှိရင် ပြဿနာတွေကတော့ အများကြီးပဲ  အခုဆိုရင် ကားမရှိတော့ဘူး။ without (လိုင်စင်မဲ့)ကားတွေ မစီးရတော့ဘူး။ ပူညံပူညံတွေ ဖြစ်နေတာက တစ်မျိုး။ မြေယာတွေ သိမ်းဆည်း ထားတာတွေက ကြာပြီ မြေယာသိမ်းထားတာတွေပေါ့။ အဲဒါတွေက အခု လောလောဆယ် ဖြစ်နေတာ တွေပေါ့။ ပြောရမယ် ဆိုရင်ပေါ့ ဘာလုပ်မယ် ဆိုရင် အခုအန်တီတို့ မျက်စိရှေ့မှာ တွေ့နေရတာကို အရင်ဆုံး ဖြေရှင်းလုပ်ကိုင် ရမယ်။ မြေနုကျွန်း၊ ကိုင်းတွေမှာ သူတို့လာပြီး ပြောကြ ဆိုကြတာကတော့ အများကြီးပဲ အန်တီတို့ တတ်နိုင်တဲ့ဘက်က လုပ်ရမှာပေါ့။ အခု လောလောဆယ်တော့ လုပ်ပိုင်ခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ ကူညီသင့် သလောက်တော့ ကူညီရမှာပေါ့ ဟိုအချိန်တုန်းက အန်တီတို့က တောင်းဆိုတဲ့ သူတွေပေါ့ နောက်မကြာခင် အန်တီတို့က အစိုးရသစ် တရပ် ဖွဲ့နိုင်ပြီဆိုရင် အန်တီတို့က ပြည်သူလူထုကို လုပ်ပေးနိုင်တဲ့ အစိုးရ ဖြစ်တော့မယ်လေ။

မေး ဟုတ်ကဲ့ ဆရာမ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း မြေယာကိစ္စတွေနဲ့ ပတ်သက်လို့ ကြိုတင်စာရင်း ကောက်ထားပါလို့ စုထားပါလို့ ပြောဆိုတာလည်း ရှိခဲ့တယ်၊  အဲလိုစာရင်းကောက်ခံ ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်မှာ ဒီလိုမြေယာ ပြဿနာတွေကို စနစ်တကျ ဘယ်လိုဖြေရှင်းဆောင်ရွက် သွားမယ်ဆိုတာမျိုး၊ ထဲထဲဝင်ဝင် လုပ်ဖို့ ဘယ်လိုပြင်ဆင်ထားသလဲ ဆိုတာလေးလည်း သိချင်ပါတယ်။

ဖြေ - မြေယာက ပြဿနာကြီး တစ်ခုထဲမှာ ပါတာပေါ့နော် အဲဒီမြေယာ ပြဿနာကို ချက်ချင်း ဖြေရှင်း လုပ် ဆောင်ပေးမှာက အန်တီတို့မှာ မြေယာ ဥပဒေတွေလည်း ရှိသေးတယ်လေ။ သူတို့ချထားတဲ့ ဟာတွေက ကုမ္ပဏီက သိမ်းဆည်းထားတာလား။ တပ်က သိမ်းဆည်းထားတာလား။ ဘယ်သူက သိမ်းထားတာလဲ ဆိုတာလားဆိုတာ အမျိုးမျိုး ရှိသေးတယ်၊ အန်တီတို့ မလုပ်ပေးဘူး ဆိုတာတော့ မဟုတ်ဘူး၊ လုပ်ပေးမှာပါ။ ဒါပေမဲ့ ဒါကြီးကို ချက်ချင်းကြီး လုပ်လို့ရတာမျိုးတော့ မဟုတ်ဘူးလေ။ အကယ်၍ ဥပမာ တပ်က သိမ်း ဆည်းထားတာမျိုး ရှိတယ်ဆိုရင်တောင် အန်တီတို့က ပြန်ပေးစေချင်တယ် ဆိုတာတောင် သူတို့နဲ့  တွေ့ဆုံ ညှိနှိုင်းရတာလည်း ရှိတာပေါ့နော်။

မေး - ပြီးခဲ့တဲ့ အစိုးရသက်တမ်း ဦးသိန်းစိန်လက်ထက် တစ်လျှောက်မှာ အန်တီတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လာရောက် ကမ်းလှမ်းတာမျိုးဖြစ်တဲ့  ပြဿနာတွေကို ဖြေရှင်းပေးပါဆိုတဲ့ တိုင်ကြားတာ မျိုးတွေက ဘာတွေဖြစ်မလဲ ဘယ်လိုဖြေရှင်း ပေးခဲ့ရသလဲ ဆိုတာတွေကို သိချင်ပါတယ်။

ဖြေ - အန်တီတို့ဆီကို အများဆုံး တိုင်ကြားတာတွေက မြေယာ ပြဿနာတွေပါ။ အန်တီတို့ဆီကို တိုင်ကြားတာတွေထဲမှာ မြေယာသိမ်းဆည်း ခံရတာမျိုး၊ လယ်ယာမြေ တပ်ကသိမ်းဆည်းသွားတာမျိုးတွေ တိုင်ကြားတာတွေ ရှိခဲ့ပါတယ်၊ အများဆုံးအားဖြင့် စစ်တပ်က သိမ်းဆည်းသွားတဲ့ ပြဿနာတွေက ပိုများပါတယ်။ ကုမ္ပဏီက သိမ်းဆည်းသွားတာမျိုးတော့ အန်တီတို့မှာ မရှိဘူး။ အများဆုံးကတော့ မြေယာကိစ္စပဲ။

မေး - အဲဒီလို စစ်တပ်က သိမ်းဆည်သွားတဲ့ မြေယာနဲ့ ပတ်သက်ပြီး ကိုယ်ကကြားထဲက ဝင်ရောက် ဖြေရှင်းပေးရ၊   ဆွေးနွေးရတာတို့ အဆင်ပြေရဲ့လား ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ - အဲဒီအချိန်က စစ်တပ်ကို စကားသွားပြောခဲ့တာမျိုး မရှိပါဘူး။ မြေယာပြဿနာနဲ့ ပတ်သက်ပြီး လွှတ် တော်၊ သက်ဆိုင်ရာ ဌာနတေ၊ွ စီမံကိန်း ဌာနတွေ၊ မြေယာနဲ့ ပတ်သက်ပြီး  ဘယ်လိုတင်ရမလဲ ဆိုတာတွေ ကိုပဲ ဆောင်ရွက်ပေးခဲ့တာပဲ ရှိပါတယ်။ ဘယ်လိုလမ်းကြောင်းနဲ့ သွားဆိုတာမျိုးပေါ့ သူတို့ အဲမှာပေးထား တယ်လေ။ ဘယ်ကိုတိုင်ရမယ်၊  ဘယ်လိုတင်ဆိုတာတွေ ရှိတယ်လေ၊ အဲဒါတွေကိုသာ ညွန်ကြား ပေးတာမျိုးပဲ ရှိတယ်။

မေး - အခုလောလောဆယ် ဟော့ဖြစ်နေတဲ့ လိုင်းစင်မဲ့ မော်တော်ကားတွေကို သိမ်းဆည်းတဲ့ ကိစ္စမှာ မော် တော်ဆိုင်ကယ်တွေကိုဖမ်း ဒဏ်ငွေဆောင်စေပြီး၊ လိုင်းစင်မဲ့ (without) မော်တော်ကားတွေကို ဖမ်းဆီးတဲ့ အခါမှာ လုံးဝအပြီးသတ် သိမ်းဆည်းတာမျိုး ရှိနေပါတယ်။ အဲဒီ လိုင်းစင်မဲ့ကားများ၊ မော်တော် ကားများ သိမ်း ဆည်းခြင်းကိစ္စနှင့် ပတ်သက်လို့ အန်တီအနေနဲ့ ဘယ်လို သုံးသပ်ချင်သလဲ၊ နောက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကလည်း ဒီပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းချင်သလဲ ဆိုတာကို သိချင်ပါတယ်။

ဖြေ - အန်တီအနေနဲ့ ပြောရမယ် ဆိုရင် ပထမ စောစောပိုင်းက ပြောခဲ့သလို မူးယစ်ဆေးဝါးလိုပဲ ပြောချင်ပါတယ်။ ဒီဟာကလေ လူတွေက မော်တော်ကား သုံးတယ်ဆိုတာ သုံးတတ်သွားပြီး တကယ် လည်း မော်တော်ကားတွေက သူတို့အတွက် အသုံးဝင်တယ် ဆိုတာကို သူတို့သိသွားပြီ၊ စောစောကရုံးမှာ အန်တီပြောခဲ့ သလိုပဲ လျှပ်စစ်မီးကို သုံးသလိုမျိုးပဲ သူတို့သုံးတတ်သွားပြီ လျှပ်စစ်မီးမရှိ မနေတတ် သလိုမျိုးပေါ့။ အန်တီ ရှင်းရှင်း ပြောရမယ်ဆိုရင် အန်တီတို့ဆီမှာ လှည်းတွေတောင် သိပ်မရှိတော့ဘူး၊ ကားတွေနဲ့ချည်းပဲ သုံးတာ ကောက်ရိုး သယ်တာကအစ၊ ပျိုးပင်ပေါက်တွေ သယ်တာကအစ၊ ကားတွေနဲ့ပဲ သယ်ကြတယ်။ ငွေ ၁၀သိန်း ၁၅သိန်းဆိုတာက လွယ်နေတယ်။

နွားတစ်ချဉ်းက ဟိုဒင်းဖြစ် တယ်ဆိုပြီး ကားတွေနဲ့ပဲ သယ်ယူကြတယ်။ နောက် နယ်ကနေ ဘားအံကို လာတဲ့အခါ ကားနဲ့လာရတာ ပိုအ ဆင်ပြေတယ်။ အခုလိုဗြုန်းတစားကြီး မော်တော်ကားတွေကို သိမ်းလိုက်တယ်ဆိုတော့ သူတို့အတွက် တော်တော်လေကို အဆင်မပြေကြဘူး။ အဲဒါက အိမ်တိုင်နီးနီးလိုပင် ကားသုံးနိုင်လာတဲ့ အနေအထား ဖြစ်နေပြီး အခုကားသိမ်းကိစ္စက သူတို့အတွက် လတ်တလော ဖြစ်ပေါ်လာတဲ့ ပြဿနာပေါ့၊ အရင်အစိုးရ လက်ထက်က လုပ်ပိုင်ခွင့်ရှိတဲ့ အချိန်က မလုပ်သွားပေးဘူး မဟုတ်ဘူး၊ သူတို့ ဒီပြဿနာကို အရင်ကတည်းက သေသေချာချာ ခိုင်ခိုင်မာမာ လုပ်မသွားပေးခဲ့ဘူး။ ကိုယ့်ပြည်နယ်ထဲမှာ စီးလို့ရတယ်။

လက်မှတ်နဲ့စီး ဆိုတာမျိုးပေါ့ အချို့ကိစ္စတွေက သေသေချာချာ မသိတော့ မပြောချင်ဘူး။ တကယ်လို့ အန်တီတို့ အစိုးရ လက်ထက်ကျရင် ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီး  ပြည်သူတွေ စိတ်ချလက်ချ မော်တော်ကား တရားဝင်သုံး ပိုင်းခွင့်ရအောင် ပြည်နယ် ဥပဒေ ပြဌာန်းပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူတွေမှာ ခိုင်ခိုင်မာမာ မော်တော် ကားသုံးစွဲနိုင်ပြီပေါ့။ နောက် ပြည်နယ် ဥပဒေမှာ မော်တော်ကားတွေကို ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ်အထိ သက်တမ်းဘယ်လောက် ရှိတယ် ဆိုတာမျိုး လုပ်သွားမယ်ဆိုရင် အန်တီတို့ ပြည်နယ် ရံပုံငွေတွေ အများကြီး ဝင်တာပေါ့။

အဲဒီလို ပြည်နယ်ရံပုံငွေ အများကြီး ဝင်တယ်ဆိုတော့ အန်တီတို့ ပြည်နယ်အတွက် လိုအပ်တာတွေ အများကြီး အသုံးပြုနိုင်တာပေါ့၊ အန်တီတို့ ပြည်နယ်အတွက် အထောက်အကူဖြစ်တယ်။ ပြည်နယ် သားတွေ အတွက်လည်း အထောက်အကူ ဖြစ်တယ်။ သူတို့အတွက်လည်း စိတ်ချလက်ချ ဖြစ်တာပေါ့။ ဥပမာ အန်တီတို့ပြည်နယ် ပိုင်နက်အတွင်းမှာပဲ စီးပေါ့။ ဘယ်နှစ် နှစ်ပေါ့၊ တစ်နှစ်ကို ဘယ်လောက် အခွန်ဆောင် ဆိုတာမျိုးပေါ့။ ဥပမာပေါ့ အန်တီနားလည် သလောက်ပေါ့ နောက်ဥပဒေလမ်းကြောင်း တတ်ကျွမ်းနာလည် သူတွေက ထပ်မံ ဖြည့်ဆည်းပေါ့။ အန်တီတို့ ဟိုတစ်နေ့ကကြားတာ အခုဟာက ငြိမ်းချမ်းရေးကို ထိခိုက်တယ်။ ရင်ကြားစေ့ရေးကို ထိခိုက်တယ် ဆိုတယ်တဲ့။ ဘာဖြစ်တယ် ညာဖြစ်တယ်တို့နဲ့ပေါ့။ အန်တီထင်တယ် အကြောင်းအရာတွေက ခြိမ်းခြောက်တာ။

ဟို ဘာလဲ ငါးပွတ်ရာ ငါးစားချ ဆိုတာမျိုးပေါ့ လူထုကိုနိုးဆွပြီး ဆွပေးသလိုမျိုး ဖြစ်နေတယ်။ အမှန်လုပ်ပေးလို့ရတဲ့ အချိန်မှာ ဘယ်လိုနေကြပါ ဆိုတာမျိုး ဖြစ်ရမှာပေါ့။ အန်တီကတော့ ပြောပြတယ် ဥပဒေ တစ်ခုရေးဆွဲတယ်ဆိုတာက ၃လ ၄လနဲ့ ရေးဆွဲလို့ပြီးတဲ့ အရာမျိုး မဟုတ်ဘူးပေါ့နော်။ ၆လကြာရင်ကြာမယ်၊ တစ်နှစ်ကြာရင် ကြာမယ်ပေါ့။ ဒါပေမဲ့ ကိုယ့်မှာ စိတ်ချလက်ချနဲ့ နေနိုင်ဖို့က အဓိက မဟုတ်လား။ ၁၅ရက်အတွင်းပြီးမယ် တစ်လအတွင်းပြီးမယ် ဒီလိုတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဆိုတာတွေက ညှိနှိုင်းတိုင်ပင်ပြီးတော့ လုပ်ရမယ့် အရာတွေဖြစ်တယ်။ အဲဒီလိုအတွက် စိတ်ချရအောင် ကြိုးစားပေးမယ်။

မေး - လက်ရှိက ကရင်ပြည်နယ်မှာ ဆိုရင်တော့ မြဝတီလမ်းက ဝင်တဲ့ ကုန်သွယ်တဲ့လမ်း ရှိတာပေါ့။ ဂိတ်ထဲကနေပေါ့ ခုယာဉ်ပြဿနာတွေကြောင့် ကုန်သွယ်ရေးကို ထိခိုက်တာမျိုးများ ရှိလာနိုင်မလားပေါ့။ နောက် အဲဒီကုန်သွယ်တဲ့ လမ်းကြောင်းကို ဆရာမအနေနဲ့  ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရလာပြီ ဆိုရင် ဘယ်လို ပုံစံမျိုးတွေ လုပ်မယ်လို့ စိတ်ကူးထားတာမျိုးများ ရှိသလား။

ဖြေ - အင်း ရှိပါတယ် ဘယ်လိုလဲဆိုတော့ နယ်စပ် ကုန်သွယ်ရေးကို တတ်နိုင်သမျှ ဖွင့်ပေးစေချင်တယ်။ ခုလည်း ဖွင့်ထားတယ်ပေါ့နော် ဒါပေမဲ့ ဆင့်ပြီးပြောရမယ် ဆိုလို့ရှိရင် အန်တီအနေနဲ့ ဘာကို စိတ်ဝင်စားလဲ ဆိုလို့ရှိရင် ခရီးသွား လုပ်ငန်းတွေမှာ အန်တီတို့ ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံဘက်ကို သွားမယ် ဆိုလို့ရှိရင် တစ်ရက်ခရီးပဲ သွားလည်ပတ်ခွင့် ရှိတယ်။ အဲဒီဘက်က လာမယ်ဆိုလို့ရှိရင် အန်တီတို့ ကရင်ပြည်နယ်ကနေ ကျိုက်ထို၊ မွန်ပြည်နယ်ထိ ပတ်စ်ပို့နဲ့  သွားလာခွင့် ရစေချင်တယ်။ အဲဒီလိုပဲ ဒီဘက်ကနေ အဲဒီဘက်ကိုလည်း  သွားလာခွင့် ရစေချင်တယ်။  အကယ်၍ သွားမယ်ဆိုရင် ရန်ကုန် လေဆိပ်ကပဲ သွားလာလို့ရတယ်။ ဒီကနေ သွားလို့ မရသေးဘူး။ အခုဆိုလို့ရှိရင် လမ်းတွေက အရမ်းကောင်းနေတယ် ကျိုက်ထိုဘုရားဖူး သွားမယ်ဆိုရင် နေ့ခြင်းပြန် သွားလာလို့ရတယ်။

အဲလို ရမယ်ဆိုရင် တိုးရစ်လမ်းကြောင်းပဲဖြစ်ဖြစ် ခရီးသွား လားရေး ပိုပြီး အဆင်ပြေစေတယ်။ စီပွားရေး လမ်းကြောင်းလည်း ပွင့်သွားတာပေါ့နော်။ ကြည့်တော့သာ နိုင်ငံခြား ခရီးလမ်းကြောင်း သိပ်မဟုတ်လှဘူး ဆိုပေမဲ့ အန်တီတို့ ကရင်ပြည်နယ်မှာ  တော်တော်လေး အဆင်ပြေသွားမယ်။ အဲလိုပဲ သာမည ဆရာတော် ခုရှိနေမယ် ဆိုလို့ရှိရင် ပိုပြီးတော့ အဆင်ပြေ သွားလိမ့်မယ်။ နောက်ပြီး အန်တီတို့ ကရင်ပြည်နယ်မှာ စိတ်ဝင်စား စရာတွေ အများကြီးပဲ ရှိပါတယ်။ နောက်အရင်က သာမညတောင် ဆရာတော်ကြီး ရှိနေတဲ့ အချိန်တုန်းက ကရင်ပြည်နယ် ရက်ကန်းစင် ထွက်တဲ့ အဝတ်အထည်တွေ ရိုးရာပစ္စည်းတွေက အရမ်းရောင်းအား ကောင်းတယ်။ ခုဆရာတော်ကြီး မရှိတော့ အရင်လို မကောင်းတော့ဘူး။ ခု ဟိုဘက်က ဖွင့်မှန်းသိရင် လုပ်သားတွေက အန်တီတို့ဘက်မှာ ပြန်လာလုပ်ကြမှာ သေချာတယ်။

မေး - လက်ရှိမှာ ဆိုလို့ရှိရင် ကရင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့နော်၊ ယိုးဒယားကို သွားပြီးတော့ အလုပ်အကိုင် သွားရောက် လုပ်ကိုင်ကြတဲ့ လူငယ်တွေ များတယ်။ လခလုပ်စာတွေ အတူတူရလာပြီ ဆိုရင် လူငယ်တွေက ဒီဘက်ကို ပြန်လာပြီး ဖွံ့ဖြိုးမှုတွေ လုပ်ကိုင်ကြတော့ မယ်ဆိုရင် အဲဒီအတွက် ပြင်ဆင်ထားတာမျိုးလည်း ရှိလား၊ ဟိုဘက်က ပြန်လာမယ့် လုူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းအတွက် စီမံကိန်းတွေ ရှိလား ဆိုတာလည်း သိချင်ပါတယ်။

ဖြေ - ပြင်ဆင်ထားတယ် ဆိုတာက စိတ်ကူးထားတာပေါ့နော် စိတ်ကူးဆိုတာက အန်တီတို့ ပြည်နယ်အတိုင်း အတာ အနေနဲ့ပေါ့နော်။ ဥပမာ ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် ဖားကန့်ပေါ့နော် သူ့သဘာ၀ အရင်းအမြစ်ဆိုရင်ဒီမှာပေါ့။ လူတွေက အဲဒီကို သွားကြတယ်။ အန်တီတို့ ကရင်ပြည်နယ် ဘက်မှာ ဆိုလို့ရှိရင် ဘိလပ်မြေစက်ရုံတွေပေါ့နော်။ လုပ်သားများများသုံးတဲ့ အထည်ချုပ် စက်ရုံးကြီးတွေပေါ့နော်။ ထိုင်းမှာဆိုရင် အခြေခံ လစာ ဘက် ၃၀၀ ။ ဒေါ်အောင်ဆန်းစုကြည် သွားလို့ရတာ ဟော ခုဆိုရင် ဘက်၅၀၀ တိုးသွာပြီ။ သူတို့လို လိုက်ပြီး လုပ်ဖို့ဆိုတာက တော်တော်တော့ ခဲယဉ်းသွားတာပေါ့၊ အန်တီတို့ဆီက ထပ်ပြီးဖန်တီး ပေးမှာပေါ့နော်။ ခုလည်း ကုမ္ပဏီတွေက လာပြီး ကမ်းလှမ်းတယ်ပေါ့နော်။

ကျေးရွာမှာ ရှိနေတဲ့ သူတွေက  သူတို့ရဲ့ သဘာ၀ အလှတွေ ပျက်စီးသွားမယ် သဘာဝနဲ့ ပတ်သက်တာတွေ ရှိတယ်။ အဲတော့ သူတို့ကို အန်တီတို့က နားလည်အောင် ရှင်းပြရမယ်။ တန်ဘိုးရှိတဲ့ တောင်ကြီးတွေ ရှိသလို  ဇွဲကပင် တောင်ကြီးလို တကယ့် သဘာဝကျတဲ့ အထင်ကရကိုတော့ ဘယ်သွားထိလို့ ရမလဲ။ သဘာဝကတော့ နဲနဲဆုံးရှူံးတယ် ဆိုတာမျိုးကတော့ ရှိတာပေါ့။ ဒါပေမဲ့ ဖားကန့်တို့လို  ရာသီဥတုကြီး ဖောက်ပြန် ပျက်စီးသွားလောက်တဲ့ ဟာမျိုးလောက်တော့ အန်တီတို့ကလည်း ခွင့်မပြုဘူး။ ဒီလိုမျိုး ဘိလပ်မြေ စက်ရုံးကြီးတွေကို ထုတ်လုပ်ခွင့် ပြုမယ်ဆိုလိုရှိရင် ဝန်ထမ်း ၂၀၀၀/ ၃၀၀၀ လောက် ခန့်နိုင်မယ်ဆိုရင်  သူ့ဘေးဖက်မှာ ဈေးဆိုင်တွေ။ ထမင်းဆိုင် ဟင်းဆိုင်တွေနဲ့  ရွာကြီးတစ်ရွာ ဖြစ်သွား နိုင်တယ်ပေါ့နော်။ နောက် ဒီလမ်းတွေက ပေါက်သွားမယ် ဆိုလို့ရှိရင် ဒီထက်မက ဖွံ့ဖြိုး လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်။ ဟိုတယ်တွေကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ထပ်မံ တိုးလာနိုင်မယ်။ အန်တီထင်ပါတယ် အန်တီတို့ဆီက လူတွေကလည်း ဟိုမှာ သွားလုပ်ကိုင်ချင်လို့ မဟုတ်ပါဘူး။ ဒီမှာ စားဝတ်နေရေး အဆင်မပြေလို့သာ သွားလုပ်နေတာပါ၊ ဒီမှာ ကိုယ့်ဟာကို လုပ်ကိုင်လို့ အဆင်ပြေမယ်ဆိုရင် ဒီမှာပြန်လာပြီး လုပ်ကိုင်ကြမှာပါ။

မေး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီပွားရေး မူဝါဒချမှတ်တော့ အပြင်ကိုထွက်လာတော့ စီပွားရေး ပညာရှင်တွေ သုံးသပ်တာကတော့ တော်တာ်လေး ကောင်းတယ်လို့ သုံးသပ် ကြတယ်။ ကရင်ပြည်နယ် အနေနဲ့ စီပွားရေးမူဝါဒ ချမှတ်ထားတာတွေ၊ ပြင်ဆင်ထားတာတွေ၊ ရေးဆွဲထားတာတွေ ရှိသလား ဆိုတာလည်း သိချင်ပါတယ်။

ဖြေ - အဲဒီအထိတော့ မမေးရသေးဘူး၊ ကိုယ်NLD မို့ ပြောတာတော့ မဟုတ်ဘူးပေါ့ အန်တီတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အရမ်းအသေးစိပ် အကွက်ကျလွန်းတယ်။ အန်တီတို့က စီးပွားရေးက ဘယ်လောက်ပဲဖြစ်ဖြစ် ငွေကြေးတောင့်တင်းမှ စီးပွားရေးလုပ်လို့ အဆင်ပြေမှာလို့ အန်တီတို့က လက်ခံထားတယ်။ ကရင်ပြည်နဲ့ သက်ဆိုင်တဲ့ ဟာတွေက လာပါအုံးမယ်။

မေး - အဓိက နယ်စပ်အကြောင်းတွေ ပြောနေတော့လေ ကရင်တိုင်းရင်သား ဒုက္ခသည် စခန်းတွေလည်း ရှိနေသေးတယ်ပေါ့နော်။ ကရင်၊ ကယားတွေဆို ပြန်လာဖို့ လုပ်နေတယ် ဆိုတာမျိုးတွေလည်း ကြားမိတယ်။ အဲတော့ ကရင်ပြည်နယ် အတွက်ကော သူတို့ပြန်လာနိုင်ဖို့၊ အတည်တကျ နေထိုင်နိုင်ဖို့ အတွက် ဆရာမတို့ အနေနဲ့ ဘာတွေများ စိတ်ကူးထားသလဲ ပြင်ဆင်ထားသလဲ။

ဖြေ - အန်တီတို့က အခြေချ နေထိုင်နိုင်ဖို့ စိတ်ကူးလည်းရှိပါတယ်။ ပြန်လည်းလာစေချင်ပါတယ်၊ အဓိက နေဖို့ရရုံနေနဲ့ မပြီးသေးဘူးလေ။ သူတို့ စားဖို့ အလုပ်အကိုင် အခွင့်အလန်တွေ ဖော်ပေး ရမှာတွေ ကျောင်းလေး ဆေးရုံးလေး ရှိရုံးနဲ့ မပြီးသေးဘူးလေ။ အန်တီတို့ တော်တော်လေးကို ဖော်ပေးရအုံးမှာ၊ သူတို့နားလည်းတယ် ဆိုလို့ရရှိရင် အဆင်ပြေပါတယ်။ ပြန်ရောက်ရောက်ချင်းတော့  ဟိုတုန်းကလို အဆင်သင့် မဖြစ်နိုင်သေးဘူးလေ။ ဒါကလည်း အန်တီတို့ တိုင်းပြည်ရဲ့ အခြေအနေပဲလေ။ ဟိုအချိန်ကတော့ ပြန်ရောက်လာတာနဲ့ စက်ရုံကြီးတွေ ဆောက်ပေး၊ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပေး အဲလိုလုပ်ပေးနိုင်ဖို့က နိုင်ငံတကာ အကူအညီတွေ ရရှိလာမယ် ဆိုရင်တော့ အန်တီတို့ လုပ်ပေး နိုင်တာပေါ့နော်။ အန်တီအနေနဲ့ လုပ်ပေးနိုင်တယ် ဆိုတာကို ပြောဖို့ဆိုတာ ခဲရင်းတာပေါ့။ လုပ်တော့ လုပ်ပေးချင်တယ်၊ လုပ်ပေးဖို့ ဆန္ဒကတော့ အပြည့်ပါပဲ။

မေး - ကရင်ပြည်နယ်ဟာ ဆိုလို့ရှိရင်ပေါ့နော် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့နေတယ် လက်ရှိ အချိန်မှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ထဲထဲဝင်ဝင် လုပ်နေတယ် ဆိုတာတွေလည်း ကြားရပါတယ်။ ဆရာမတို့အနေနဲ့ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ကိစ္စတွေကို ဘယ်လိုဆောင်ရွက်သွားမယ် ဆိုတာ ပြောပြပေးလား ဆရာမ။

ဖြေ - အန်တီတို့ ရွေးကောက်ပွဲ ပရိုဂရမ်ထဲမှာ ပါဝင်ပြီးသားပါ အန်တီတို့ ခေါင်းဆောင်ကြီးက ဒီလိုငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး အလွန်ကို စိတ်ဝင်စားပါတယ်။ ဟိုတုန်းကတော့ အန်တီတို့က ဘာမှ လုပ်လို့ မရဘူးလေ။ လုပ်လို့ရတဲ့ အချိန်အခါမှာ အန်တီတို့ရဲ့ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်း စလုပ်မှာပါ။  ဟိုတလောကဆိုရင် နော်စီဖိုးလှတို့က အန်တီတို့ဆီကိုလာပြီး ဆွေးနွေးတာတွေလည်း ရှိပါတယ်၊ အန်တီတို့က ငြိမ်းချမ်းရေးကို ထိပ်ဆုံးက လုပ်မှာပါ။

မေး - ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ - ဖြည့်စွက်ပြောစရာ ဆိုလိုရှိရင် ငြိမ်းချမ်းရေးကို  လူထုက ခံစားတတ်လာပြီလေ၊ အရင်တုန်းက သွားလာ လို့မရတဲ့ နေရာတွေရှိတယ်။ ခုဆိုရင် လူထုက အရမ်းငြိမ်းချမ်းရေး လိုချင်နေပြီ။ အရင်က လက်နက် ကိုင်စွဲပြီး စစ်ပွဲဆင်နွှဲခဲ့တဲ့ လက်နက်ကိုင်တွေကလည်း သူတို့ ဒီလိုစစ်ရေး ဆင်နွှဲနေလ့ို အပြီးမသတ်နိုင်ဘူး ဆိုတာတွေလည်း လက်နက်ကိုင် ကိုယ်တိုင်တွေက သိနေပါပြီ သူတို့လည်း ငြိမ်းချမ်းရေးကို လိုချင်နေပါပြီ၊ အဲဒီလိုပဲ  အစိုးရက တကယ် ငြိမ်းချမ်းရေး ပေးချင်နေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly