ထိုင်းနိုင်ငံ မဟာချိုင်က ပင်လယ်စာလုပ်ငန်းစက်ရုံများ ကုန်ကြမ်းပြတ်လပ်၍ ပိတ်ကြရရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခကြံုနေ

ထိုင်းနိုင်ငံ မဟာချိုင်က ပင်လယ်စာလုပ်ငန်းစက်ရုံများ ကုန်ကြမ်းပြတ်လပ်၍ ပိတ်ကြရရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခကြံုနေ

ထိုင်းနိုင်ငံ မဟာချိုင်ရှိ အသေးစားနှင့် အလတ်စား ပင်လယ်စာ ထုတ်လုပ်သည့်စက်ရုံများက ကုန်ကြမ်းပြတ်လပ်၍ ပိတ်ကြရရာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများပေါ်တွင်သာမက ဒေသ၏ စီးပွားရေးအပေါ်လည်း သက်ရောက်မှုများဖြစ်နေသည်။

တရားမဝင်ငါးဖမ်းလုပ်ငန်းများကို ဆန့်ကျင်သည့် ဥရောပသမဂ္ဂ၏ ရာဇသံကြောင့် ဆာမတ်ဆတ်ခွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံတစ်ဝန်းက အခြားဆိပ်ကမ်းများတွင် ယင်းသို့သော အခြေအနေဆိုးကို ကြုံတွေ့လာနေရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက အီးယူက ထိုင်းငါးလုပ်ငန်းကို အဝါရောင်အဆင့်သတ်မှတ်ကာ တရားဥပဒေနှင့် အညီ ငါးဖမ်းလုပ်ငန်းဖြစ်ရေး တိုက်တွန်းအချိန်ပေးပြီး တရားမဝင်ငါးဖမ်းလုပ်ငန်းများ ဆက်ရှိနေမည်ဆိုလျှင် ထိုင်းမှ တင်ပို့သည့် ပင်လယ်စာများကို အီးယူက ပိတ်ပင်မည်ဖြစ်ကြောင်း သတိပေးထားသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံတကာမီဒီယာများတွင် တရားမဝင်ထိုင်းငါးဖမ်းလုပ်ငန်းများကို ဖော်ပြလိုက်ပြီးနောက် ထိုင်းအအေးခံအစားအစာများ ထုတ်လုပ်သည့် အဖွဲ့ကြီးအနေဖြင့် တရားမဝင် ငါးလုပ်ငန်းများမှ ရရှိသည့် ငါးများကို တားမြစ်ပိတ်ပင်ခြင်းများ လုပ်လာခဲ့ရသည်။

ယင်းကြောင့် ကုန်ကြမ်းပြတ်လပ်မှုများ ဖြစ်လာသဖြင့် အသေးစားငါးလုပ်ငန်းများက ပိတ်လိုက်ရသလို အလုပ်သမားများ အလုပ်ဆုံးရှုံးများစွာဖြစ်ခဲ့သည်။

မဟာချိုင်ရှိ ပင်လယ်စာစက်ရုံများစွာ ပိတ်ရခြင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ များစွာ ထိခိုက်ရသည်။ တစ်ချို့က အလုပ်လက်မဲ့ဖြစ်သွားကြပြီး စက်ရုံအများစုမှာလည်း အလုပ်သမားများ၏ အချိန်ပိုဆင်းခြင်းကို တစ်ဝက်လျှော့ချလိုက်ခြင်းကြောင့် ဝင်ငွေနည်းပါးသွားရခြင်းများလည်း ရှိကာ ဘဝအခက်ကြုံနေသည်။

အလုပ်လက်မဲ့ဖြစ်သွားသူအများစုက မြန်မာနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ကြကြောင်း၊ တစ်ချို့က ကားရေဆေးဆီထိုးလုပ်ငန်းများ၊ ဓာတ်ဆီဆိုင်များ၊ ဘူတာရုံများရှိ ကုန်တင်ကုန်ချ အလုပ်များသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန်အတွက် အလုပ်လိုက်ရှာကြကြောင်း မဟာချိုင်ဒေသခံတစ်ဦးက ပြောသည်။

“မဟာချိုင်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများက အခြားမြို့တွေဆီ ပြောင်းသွားကြရတယ်။ သူတို့အတွက် အခြားမြို့တွေမှာ အလုပ်လိုက်ရှာနေကြရပါတယ်။”ဟု ယင်းဒေသခံက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly