၁၇ နှစ်အောက် ကမ္ဘာ့ဖလားလူငယ်ပြိုင်ပွဲအတွက် ယူ-၁၄ လူငယ်အသင်း စတင်ဖွဲ့စည်း

၁၇ နှစ်အောက် ကမ္ဘာ့ဖလားလူငယ်ပြိုင်ပွဲအတွက် ယူ-၁၄ လူငယ်အသင်း စတင်ဖွဲ့စည်း
မြန်မာယူ-၁၄ အသင်းကိုတာဝန်ယူကိုင်တွယ်နေသည့် နည်းပြအဲရစ်ဝီလျံ (ဓါတ်ပုံ MFF)

ဖေဖော်ဝါရီ ၂၆ ၊ ရန်ကုန်။          ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၉ အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားလူငယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရည်ရွယ်၍ မြန်မာ့လက်ရွေးစင် ယူ-၁၄ လူငယ်အသင်းကို စတင်ဖွဲ့စည်း လေ့ကျင့်လျက်ရှိသည်။ အဆိုပါ ယူ-၁၄ လူငယ်အသင်းကို နည်းပြချုပ်အဖြစ် သြစတြေးလျလူမျိုး အဲရစ်ဝီလျံက တာဝန်ယူကိုင်တွယ်မည် ဖြစ်ပြီး လက်ရှိတွင် အကယ်ဒမီအသီးသီးမှ ပဏာမကစားသမား ၅၉ ဦးဖြင့် ရွေးချယ် ဖွဲ့စည်းလိုက်သည်။

“ အဲရစ်ဝီလျံက ယူ-၁၄ အသင်းအတွက် အစကတည်းက တာဝန်ပေးထားတာပါ။ လက်ရှိ ယူ-၁၆ အသင်းကိုကတော့ ဦးညီညီလတ်နဲ့ ဦးသန်းထိုက်တို့ အသင်းတွေရှိပါတယ်။ ယူ-၁၉ ကတော့ မျိုးလှိုင်ဝင်းကို တာဝန်ပေးထားတာပါ။ ဒီ ယူ-၁၄ အသင်းက အခုကတည်းက အသက် မှန်ဖို့ရော ၊ အသင်းကောင်းဖို့အတွက်ရော ကြိုပြီးဖွဲ့စည်းတာပါ။ လာမယ့် ယူ-၁၇ ကမ္ဘာ့ဖလားအတွက် ရည်ရွယ်ထားတာပါ ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသန်းဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင် ပဏာမ ယူ-၁၄ အသင်းကို ပြီးခဲ့သည့် MFF U-14 100 Plus Super Cup 2015 ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ခဲ့သည့် ဘောလုံးအကယ်ဒမီကျောင်းများမှ ကစားသမားများဖြင့် အခြေခံဖွဲ့စည်းကာ လက်ထောက်နည်းပြအဖြစ် ဦးတင်မောင်ဝင်းနှင့် ဦးခင်မောင်ထွေး တို့က တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

“ ဒီအသင်းက ယူ-၁၇ ကမ္ဘာ့ဖလားအတွက် ရည်ရွယ်တာပါ။ ကျွန်တော်ရောက်လာကတည်းက ဒီလူငယ်တွေအတွက် ပြင်ဆင်ဖို့ ရောက်လာတာပါ။ ယူ-၁၇ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့လည်း ကြိုးပမ်းနေတယ်လို့ ဥက္ကဌက ပြောပါတယ်။ ကလေးတွေကို ဒီအချိန်ထဲကတည်းက သေချာလေ့ကျင့်ပေးထားမှ လာမယ့် ပွဲတွေအတွက် အဆင်သင့်ဖြစ်နေမှာပါ။ ပြိုင်ပွဲအတွက် ကျွန်တော် အကောင်းဆုံးကြိုးစားပြင်ဆင်သွားပါ့မယ် ” ဟု ယူ-၁၄ အသင်းနည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းသည် လာမည့် ဇူလိုင်လတွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ကစားရန်လည်း စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly