ဖ်ိလစ်ပိုင်တောင်ပိုင်းတွင် စစ်တပ်က စစ်သွေးကြွ ၄၂ ဦးကို သုတ်သင်

ဖ်ိလစ်ပိုင်တောင်ပိုင်းတွင် စစ်တပ်က စစ်သွေးကြွ ၄၂ ဦးကို သုတ်သင်

မနီလာ၊ ဖေဖော်ဝါရီ ၂၆ ။              ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ကျွန်းတစ်ခု၏ တောင်များတွင် ငါးရက်ကြာတိုက်ပွဲများအတွင်း စစ်တပ်က အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုရှိသည်ဆိုသည့် သူပုန် ၄၂ဦးခန့်ကို သုတ်သင်နိုင်ခဲ့ပြီး သူပုန်တို့၏ ခံတပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်တပ်ပြောခွင့်ရအမျိုးသားတစ်ဦးက ဖေဖော်ဝါရီ ၂၆တွင် ပြောသည်။

တိုက်ပွဲများအတွင်း စစ်သားသုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရခဲ့သည်။ စစ်တပ်က လာနာအိုဒဲလ်ဆာပြည်နယ်တွင် အရှေ့တောင်အာရှ စစ်သွေးကြွများ၏ကွန်ရက်တစ်ခုဖြစ်သော ဂျမားအစ္စလားမီးယား၏ အဖွဲ့ခွဲတစ်ခု၏ ခံတပ်တစ်ခုကို သိမ်းပိုက်ခဲ့သည်။

"ကျွန်တော်တို့တပ်ဖွဲ့တွေဟာ ကြာသပတေးညက အကြမ်းဖက်သမားတွေရဲ့ ခံတပ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်"ဟု ပြောခွင့်ရအမျိုးသား ဗိုလ်မှူးဖိုင်လေမန်တန်က တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းမှ သတင်းထောက်များကို ဖုန်းဖြင့်ပြောကြားခဲ့သည်။ စစ်သွေးကြွ ၄၂ ဦးကိုလည်း သုတ်သင်နိုင်ခဲ့သည်ဟုလည်း ၎င်းကခန့်မှန်းသည်။

သူပုန်များနောက်သို့ လိုက်နေဆဲဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ စစ်တပ်သည် သောကြာနေ့က သူပုန်စခန်းများသို့ ၁၀၅မမ ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ခတ်စဉ် နိုင်ငံ၏ အကြီးမားဆုံး မွတ်စလင်သူပုန်အဖွဲ့ MILF ၏အခြေစိုက်စခန်းတစ်ခုဖြစ်သော ဘူတစ်မြို့အနီးကို လေတပ်လေယာဉ်များက ဗုံးများကြဲခြင်း၊ ရဟတ်ယာဉ်များက ရော့ကက်များဖြင့် ပစ်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု တန်ကပြောသည်။

သို့သော်လည်း MILF သည် တိုက်ပွဲများမှ ဝေးဝေးနေခဲ့ပြီး တိုက်ပွဲစသည့် ဖေဖော်ဝါရီ ၂၀နောက်ပိုင်း အိမ်မှထွက်ပြေးလာသူ ၈,၀၀၀ခန့်ကို ကူညီခဲ့သည်ဟု စစ်တပ်ကပြောသည်။ ဖိလစ်ပိုင်သည် MILF နှင့် ၂၀၁၄ မတ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး လူ၁၂၀,၀၀၀ကျော်သေဆုံးကာ လူနှစ်သန်းကျော်ထွက်ပြေးရသည့် ၄၅နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။

သေးငယ်သော်လည်း အကြမ်းဖက်သော အဘူဆေယက်အပါအဝင် မွတ်စလင်သူပုန်အဖွဲ့အချို့သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများထံ သစ္စာခံထားသည်ဟု စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ယုံကြည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly